Tuesday 18 September 2012

ကချင်ထိုးစစ်များ မရပ်ပါက ဆွေးနွေးမှုများ ဆိုင်းငံ့ထားကြရန် ENC တိုက်တွန်း

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မရပ်ဆိုင်းပါက အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် အစိုးရနှင့် ဆက်လက်တွေ့ဆုံမှု အားလုံး ဆိုင်းငံ့ထားကြရန် ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသား လူမျိုးများ ကောင်စီ ENC က တိုက်တွန်းလိုက်သည်။ “ကျနော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးပေါ်လာဖို့ ဆိုရင် ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသားတခုလုံး ဆွေးနွေးမှပဲပြေလည်မှု ရမှာဖြစ်ပါတယ်။ တပိုင်းတစနဲ့လုပ်လို့ မရတဲ့ကိစ္စ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အစစ် ဖြစ်ဖို့ တပြည်လုံး ငြိမ်းချမ်းရေးမှာ ကချင်မပါလို့ မဖြစ်ဘူး။ ကချင် ပါလာနိုင်အောင်ဆိုရင် ခုလိုမျိုး ထိုးစစ်ဆင်နေတဲ့ဟာကို ရပ်တန့်ရမယ်” ဟု ENC အတွင်းရေးမှူးချုပ် ဒေါက်တာရွှေခါးရ် က ပြောသည်။ ထိုင်း-မြန်မာနယ်စပ် တနေရာ၌ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များက ကျင်းပခဲ့သည့် ENC ၏ တတိယအကြိမ် ညီလာခံ အပြီးတွင်လည်း အဆိုပါသဘောထားအတိုင်း ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်၊ ချင်း၊ မွန်၊ ရှမ်း(မြောက်)၊ ရှမ်း(တောင်)နှင့် ရခိုင် စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပြည်ထောင်စု အဆင့်နှင့် ပြည်နယ် အဆင့်အဖြစ် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်၍ ယင်းတို့ အနေဖြင့် ပြန်လည်သုံးသပ်ရန် တိုက်တွန်းခြင်း ဖြစ်သည်ဟု ဒေါက်တာရွှေခါးရ် က ဆိုသည်။ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ လုပ်ဆောင်နေစဉ် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် အဟန့်အတား ဖြစ်စေပြီး ချွတ်ယွင်းချက် အများအပြား ရှိနေသေးကြောင်း ထောက်ပြ ပြောဆိုသည်။ “ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုတဲ့ ဆန္ဒတခုပဲ အားလုံးမှာ ရှိကြပြီးတော့ ဒီဟာကို ဘယ်လို လက်တွေ့ အကောင်အထည် ဖော်မလဲဆိုတာကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းတဲ့ လုပ်ငန်းစဉ်မရှိတာ ခက်တယ်။ ဒီငြိမ်းချမ်ရေးကိုဖော်ဆောင်ဖို့အတွက် ဘာတွေ အဟန့်အတား ဖြစ်နိုင်တယ်၊ ဘယ်လို လုပ်မလဲဆိုတာ တိတိကျကျ မရှိဘူး။ နောက် Famework မူဘောင် မရှိသေးဘူး” ဟု ၎င်းက ဝေဖန်ထောက်ပြလိုက်သည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သည့် ထိုးစစ်ရပ်ဆိုင်းရေး သမ္မတ၏ အမိန့်စာမှာ ရှင်းလင်းမှု မရှိခြင်းကြောင်းလည်း “အမိန့်မှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာမှအပ ထိုးစစ်မဆင်ဖို့လို့ ပြောတာကိုး။ အဲဒီမှာ တပ်တွေ အကုန်လုံးက စစ်ရေးလှုပ်ရှားမှု မလုပ်ရဘူးဆိုတာ မပါဘူး။ အဲဒါက အမိန့် ချွတ်ယွင်းချက်တခု။ သမ္မတအနေနဲ့ ကချင်ပြည်နယ်မှာ ရှိတဲ့ တပ်တွေ မဟုတ်ဘဲ ကချင်ပြည်နယ် ပြင်ပက တပ်တွေ နောက်ဆုတ်ဖို့ အဲဒါလည်း မပါဘူး။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ စစ်တပ်ကတော့ နယ်မြေစိုးမိုးရေးတို့ လုပ်နေတာ၊ အဲဒါ ပြဿနာ ဖြစ်တာပဲ” ဟု ဒေါက်တာ ရွှေခါးရ်က သုံးသပ် ပြောဆိုသည်။ ထိုကဲ့သို့ ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသော စစ်ပြေး ဒုက္ခသည်များအားနိုင်ငံတကာမှ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများကို မြန်မာအစိုးရက ဟန့်တားနေသည့်အပေါ် ENC မှ ပြစ်တင် ရှုတ်ချလိုက်ပြီး အမြန်ဆုံး အကူအညီများ ရောက်ရှိစေရန် ဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဗုဒ္ဓဟူးနေ့ကလည်း KIO တပ်မဟာ ၃ လက်အောက်ခံ တပ်များနှင့် အစိုးရတပ်များအကြား မိုးမောက်မြို့နယ် စိန်လွမ်နှင့် လွယ်ဂျယ် အကြား ကားလမ်းဘန်ဝိုင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု စစ်ပြေးဒုက္ခသည်များ ကူညီရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။ ထိခိုက်ကျဆုံးမှု အတိအကျ မသိရသေးကြောင်း သူက ပြောသည်။ ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့များ စက်တင်ဘာလဆန်းက ဖားကန့်မြို့ရှိ စစ်ပြေး ဒုက္ခသည်များအား သွားရောက်ကူညီရန် ပြင်ဆင်ထားသော်လည်း လုံခြုံရေးအခြေအနေ မကောင်းသဖြင့် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်ဟု ဦးဒွဲပီဆားက ဆိုသည်။ တိုက်ပွဲများ တနှစ်ကျော် ဖြစ်ပွားပြီးနောက် ကုလအဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လိုင်လအထိ တရုတ်နယ်စပ် မိုင်ဂျာနယ်နှင့် တရုတ်နယ်စပ် မှတ်တိုင်များရှိ စစ်ပြေးဒုက္ခသည်များအား အနည်းဆုံး နှစ်ကြိမ်ခန့်သာ ကူညီ ထောက်ပံ့ခဲ့သော်လည်း နောက်ပိုင်း ယနေ့ထိ ထပ်မံ ကူညီထောက်ပံ့နိုင်မှု မရှိသေးကြောင်း သူက ဆိုသည်။ လက်ရှိတွင် ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် တရုတ်နယ်စပ် တလျှောက်ရှိ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၉၀၀,၀၀၀ ကျော် ရှိနေပြီး ဖြစ်ကြောင်း သိရသည်။ ENC ကို ကချင်၊ ကရင်၊ ကယန်း၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ချင်းတိုင်းရင်းသား အဖွဲ့ အစည်းများမှ ခေါင်းဆောင်များဖြင့် ၂၀၀၁ ခုနှစ် စတင် ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် ဥက္ကဋ္ဌ တာဝန် လွှဲပြောင်း ထမ်းဆောင်နေပြီး ယခုနှစ် ဥက္ကဋ္ဌ အဖြစ်ဒေါက်တာဆလိုင်း လျန်မှုန်း ဆာခေါင် အား အလည့်ကျ တာဝန် ပေးအပ်လိုက်ကြောင်း သိရသည်။

No comments:

Post a Comment