Monday 17 September 2012

ယူနိုက်တက်အတွက် ကစားရတာ ပုံမှန်တော့ မဟုတ်ဘူးလို့ ဆိုတဲ့ ဘတ္တနာ

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဝီဂန်နဲ့ ပွဲအပြီးမှာတော့ အလက်ဇန်ဒါး ဘတ္တနာဟာ သရဲနီ ပရိတ်သတ်တွေနဲ့ ချစ်မြတ်နိုးမှုကို ရရှိဖို့အတွက် သူ့မှာ လိုအပ်တဲ့ အရည်အသွေး မျိုးစုံ ရှိနေတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ယူနိုက်တက် အသင်းအတွက် ပထမဦးဆုံး ပွဲထွက်ခွင့်ရတဲ့ ပွဲစဉ်မှာပဲ ဘတ္တနာက ပရီးမီးယားလိဂ် ရပ်ဝန်းကို ထုံးလိုမွှေ ရေလိုနှောက်နိုင်တဲ့ နောက်ခံ အစွန်လူ ဖြစ်လာဖို့ အလားအလာရှိတယ် ဆိုတာကို ယူနိုက်တက်ရဲ့ ဘယ်ကြော တစ်ခုလုံးမှာ ခြေစွမ်းပြ စုန်ဆန်ဆင်းပြီး ပြသသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အကယ်၍များ နောက်အပတ် အန်ဖီးကွင်းမှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲအတွက် ပြိုင်ဘက်အသင်းရဲ့ အဓိက ကစားသမား ဆွာရတ်စ်နဲ့ ပြသနာတွေရှိတဲ့ အီဗရာကိုသာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အနားပေးချင်တဲ့ ဆန္ဒသာ ရှိနေမယ်ဆိုရင် ဟော်လန်သား ဘတ္တနာအတွက် နောက်အပတ်မှာလည်း ထပ်မံ ခြေစွမ်းပြပြီး သရဲနီ ပရိတ်သတ်တွေရဲ့ မေတ္တာကို ခံယူနိုင်ဖို့ အခွင့်အလမ်း ရှိနေပြန်ပါသေးတယ်။ အသက် (၂၃)နှစ် အရွယ် ဘတ္တနာရဲ့ မန်ချက်စတာ ယူနိုက်တက် စွန့်စားခန်းကို ဟော်လန် စာနယ်ဇင်းသမားတွေက နီးနီးကပ်ကပ် စောင့်ကြည့်နေကြပြီး အိုးထရတ်ဖို့ဒ်မှာ သူရဲကောင်း တစ်ယောက်လို သူကောင်းပြု ခံလိုက်ရတဲ့ သူတို့ရဲ့ နိုင်ငံသား အတွက်လည်း ပျော်ရွှင်နေကြမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပွဲအစမှာတော့ ဘတ္တနာက အလွန် စိတ်လှုပ်ရှား နေခဲ့ပါသေးတယ် ဆိုတာကို "ကျွန်တော် ကွင်းထဲ ဝင်သွားပြီးတော့ ခြေထောက်တွေက လေးနေသလိုပဲဗျာ။ ကွင်းထဲက ပရိတ်သတ်တွေကတော့ သိပ်ကို မိုက်တယ်ဗျာ။ လူပေါင်း (၈) သောင်းလောက်က ကွင်းနဲ့ သိပ်နီးကပ် နေသလိုပါပဲ။ အဲ့ဒါကြီးက ဂယောင်ခြောက်ချား ဖြစ်စေတာပဲဗျို့။ ပုံမှန်တော့ မဟုတ်ဘူး ကိုယ့်လူရေ။ ဒါမျိုး အရင်က မခံစားရဖူးဘူးဗျာ" လို့ ဘတ္တနာက စိတ်လှုပ်ရှားမှု အပြည့်နဲ့ သူရဲ့ ပွဲဦးထွက် အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ ဘတ္တနာဟာ သူရဲ့ ပွဲဦးထွက်မှာပဲ ဘယ်နောက်တန်း အစွန်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြနိုင်ခဲ့ ရုံသာမက အသင်းအတွက် ဂိုးတစ်ဂိုးကိုပါ လှလှပပ သွင်းယူပေး နိုင်ခဲ့ပါသေးတယ်။ အဆိုပါ ဂိုးအတွက်လည်း ဘတ္တနာက ပျော်ရွှင်နေပါတယ်။ "ကျွန်တော် ဘောလုံးရတယ်ဗျာ။ ပြီးတော့ တစ်ဖက်အသင်း နောက်ခံလူ (၃)ယောက်ကို ကျော်ဖြတ်ပြီး ဂိုးထဲကို အပြင်း ကန်သွင်းယူခဲ့တာပါ။ အဲ့ဒီ ဂိုးက ဂိုးသမား အမှားကြောင့်တဲ့လား။ ကိစ္စ မရှိပါဘူးဗျာ" "ရုတ်တရက်ပဲဗျာ။ အဲ့ဒီမှာ ကျွန်တော့်ကို အော်ဟစ် အားပေးနေတဲ့လူက (၈) သောင်းလောက် ရှိတယ်ဗျာ။ သိပ်ကို ခမ်းနားတဲ့ ခံစားမှုမျိုးပဲဗျာ။ ပွဲအပြီးမှာ မစ္စတာ ဖာဂူဆန်က ဂုဏ်ယူကြောင်း ပြောပါတယ်။ ပြီးတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ချီးမြှင့်ခြင်း ခံရသလို (၁.၅)လီတာ ရှန်ပိန် တစ်ပုလင်းလည်း ရခဲ့ပါသေးတယ်" လို့ ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်လို့ ပျော်ရွှင်နေတဲ့ ဘတ္တနာက ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment