Sunday 16 September 2012

တိုင်းဒေသကြီး / ပြည်နယ်တို့၏ လွှတ်တော်နှင့် အစိုးရဆိုင်ရာ ဥပဒေများအပေါ် ပိုင်းခြားဝေဖန် သုံးသပ်ချက်

အပိုင်း(၂) ဥပဒေပြုအာဏာသည် အက္ခရာဖြစ်ပါသည်။ လွှတ်တော်၏ အသက်လည်း ဖြစ်ပါသည်။ လွှတ်တော်နှင့် အစိုးရတို့၏ ခြားနားပုံကဆိုလျှင် ထို့ထက် ပြတ်ပြတ်သားသား စည်းခြားထားပါသည်။ လွှတ်တော်က ဖွဲ့စည်းပေးသော အစိုးရသာလျှင် ဖြစ်ရပါမည်။ ယခုမူ ဘုရားကအောက် မျောက်ကအထက် ဖြစ်နေပါသည်။ သမ္မတစနစ်ဖြင့် အုပ်ချုပ်သွားမည့် အစိုးရကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၀ (က) အရ " နိုင်ငံတော် သမ္မတကို သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်သည်။ " ဟု၎င်း၊ အစုအဖွဲ့ (၃)ဖွဲ့ဖြင့် ဖွဲ့စည်းရမည်။ ထိုအစုအဖွဲ့တွင် အမျိုးသားလွှတ်တော်က အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်က အစုအဖွဲ့နှင့် (၂၅) ရာခိုင်နှုန်းပါဝင်သော ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အစုအဖွဲ့ တို့ပါဝင်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့ ပုဒ်မ (၂၀၁)တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် " အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ " ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။ - (က) နိုင်ငံတော်သမ္မတ၊ (ခ) ဒုတိယသမ္မတ၊ (ဂ) ဒုတိယသမ္မတ၊ (ဃ) ပြည်သူ့လွှတ်တော် ဥက္ကဌ၊ (င) အမျိုးသားလွှတ်တော် ဥက္ကဌ၊ (စ)တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ (ဆ) ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ (ဇ) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ (ဈ) နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၊ (ည) ပြည်ထဲရေးဝန်ကြီး ဌာန ၀န်ကြီး၊ (ဋ) နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးတို့ ဖြစ်ကြသည်။ တိုင်းပြည်ကို ဤ (၁၁)ဦးဖြင့် အုပ်ချုပ်ထားသည်။ နိုင်ငံတော်သမ္မတကိုပင်လျှင် တပ်မတော်မှ ခန့်အပ်ထားကြောင်းနှင့် (၁၁) ဦးအနက် ဌာန (၆) ခုစလုံးသည် တပ်မတော်သားများ ဖြစ်နေသည်ကို တွေ့ရှိရသည်။ တစ်မိုးလုံး ဖျောက်ဆိပ်ချည်းပင်ဖြစ်သည်။ ပြည်ထောင်စု အစိုးရ၏ အုပ်ချုပ်မှု အခွင့်အာဏာ ပုဒ်မ (၂၁၆) တွင် " ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် ပြည်ထောင်စု လွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ရောက်ပျံ့နှံ့သည်။" ဟု ဖော်ပြထားသဖြင့် အုပ်ချုပ်ရေး အာဏာက ပြည်ထောင်စု ဥပဒေပြုအာဏာကို လွှမ်းမိုးသက်ရောက် ပျံ့နှံ့စေပါသည်။ ပြည်ထောင်စု ဥပဒေပြုအာဏာသည် သွားမရှိသည့် ကျားကြီးပမာ ဟိန်းဟောက်ရုံ သက်သက်မျှသာ။ တပ်မတော်အုပ်ချုပ်ရေးက ပြဌာန်းခိုင်းသည့်အတိုင်း ဥပဒေပြု ပြဌာန်းရုံသာဖြစ်နေပေသည်။ အဓိက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားအနည်းဆုံးအချက်မှာ ဥပဒေပြုအာဏာကို အုပ်ချုပ်ရေးအာဏာအောက်တွင် သွားထားခြင်းဖြစ်ပါသည်။ အခန်း(၁) အခြေခံမူများ ပုဒ်မ (၄၆) တွင် " ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပွါယ် ဖွင့်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များက ပြဌာန်းသည့် ဥပဒေများသည်လည်းကောင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်ခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား ၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုအချင်းချင်း ဖြစ်ပေါ်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ကြားနာဆုံးဖြတ်ခြင်းနှင့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေက အပ်နှင်းသည့် အခြားတာဝန်များ ဆောင်ရွက်ခြင်းတို့ကို ပြုနိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ရုံးကို ဖွဲ့စည်းရမည်။ " ဟု မူတွင်ပါရှိပါသည်။ တရားရုံးများ ဖွဲ့စည်းခြင်း ပုဒ်မ ၂၉၃(ဂ) တွင် " နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုရရုံး " ဟုလည်း ပါရှိပါသည်။ ခုံရုံးသည် တရားရုံးများထဲမှ ခုံတရားရုံးဖြစ်သည်ကိုလည်း သတိပြုရန်လိုအပ်ပါသည်။ ခုံရုံး၏ လုပ်ငန်းတာဝန်များကိုလည်း ပုဒ်မ ၃၂၂ (ဆ)တွင် " ပြည်ထောင်စု လွှတ်တော်က ပြဌာန်းသည့် ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များ။ " ဟု ဖော်ပြထားသဖြင့် ခုံရုံးသည် ပြည်ထောင်စု လွှတ်တော်အောက်တွင်သာ ရှိပါသည်။ သို့သော် ပုဒ်မ ၃၂၂ (က) တွင် " ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း။ " ဟု ပါရှိသဖြင့် အခြေခံဥပဒေ ၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းအတွက် နောက်ဆုံးနှင့် အပြီးအပြတ်အဆုံးအဖြတ်ပေးခွင့် ရရှိထားသည့် တရားရုံးဖြစ်နေပါသည်။ ဥပဒေပြုအာဏာ၏ အထက်တွင် သမ္မတဦးဆောင်သော ကာ/လုံ (၁၁)ဦး ရှိနေသည်ကို သတိကြီးကြီး ထားရပါမည်။ ခုံတရားရုံးကိုလည်း ကာ/လုံကပင် အာဏာပေးထားသည်ကို သိသင့်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အသေအလှဲ ကာကွယ်မည့် နောက်ဆုံးခံတပ်ဖြစ်ပါသည်။ ခုံရုံးဥက္ကဌမှာလည်း စစ်ဥပဒေချုပ် ဗိုလ်သိန်းစိုးဖြစ်နေသည်ကိုလည်း မေ့လျော့မထားသင့်ပါပေ။ ပြည်ထောင်စု လွှတ်တော်အတွင်း ဥပဒေပြုကြရာတွင် ဥပဒေပြဿနာ ပေါ်ပေါက်လျှင် ခုံရုံးက ဆုံးဖြတ်ပိုင်ခွင့်လုံးဝမရှိပါ။ ဥပဒေပြုလွှတ်တော်အတွင်းက ဥပဒေပြုနေကြသည့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ အဆုံးအဖြတ်သာ အခရာ ဖြစ်ရပါမည်။ ဥပဒေပြုလွှတ်တော်အထက်တွင် ခုံရုံးမရှိပါ။ တရားစီရင်ရေးအာဏာ အားလုံးမှာ အုပ်ချုပ်ရေး အာဏာအောက်က တုံးအောက်ကဖါးသာလျှင် ဖြစ်ပါသည်။ အဘယ်မှာ တရားစီရင်ရေးလွတ်လပ်မှု ရှိနိုင်ပါမည်နည်း။ ခုံရုံးကကော ဘာလုပ်နိုင်ပါမည်နည်း။ တရားဥပဒေစိုးမိုးမှု လုံးဝပျောက်ဆုံးနေသည့် မြင်ကွင်းကို (၂၀ - ၈ - ၂၀၁၂) နေ့ ကသတင်းစာ ရှင်းလင်းပွဲတွင် ခုံရုံးဥက္ကဌ ဦးသိန်းစိုး၏ ဒေါသမာန်ဟုန် ပြင်းထန်နေသော အမှုအရာများက ဖော်ပြနေပါသည်။ ပြည်ထောင်စုအုပ်ချုပ်ရေးနှင့် တိုင်း/ပြည်နယ် အုပ်ချုပ်ရေး၏ အာဏာစီးဆင်းပုံမှာ အထက်အောက် တစ်ကြိုးတည်း တစ်ပြည်ထောင်စနစ်၏ ကျောရိုးအုပ်ချုပ်ပုံကို အထင်အရှားတွေ့ရှိ ရပါသည်။ှ တိုင်း/ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း ပုဒ်မ ၂၆၁ (ဂ) တွင် " နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် လွှတ်တော် ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာ ၀န်ပေးရမည်။ " ဟုလည်းကောင်း၊ ပုဒ်မ ၂၆၁(ဃ) တွင် " နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရန် ငြင်းပယ်ခွင့် မရှိစေရ။ " ဟုလည်ကောင်း ပါရှိသည်ကို အထင်အရှားတွေ့မြင်ရပါသည်။ တိုင်း/ပြည်နယ် အုပ်ချုပ်ရေးသည် တစ်ပြည်ထောင် အုပ်ချုပ်ရေးစနစ်ကို အပေါ်လွင်ဆုံး ဖော်ပြချက်ဖြစ်ပါသည်။ တစ်ဆက်တည်းတွင် တိုင်းဒေသကြီး ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ် ခန့်အပ် တာဝန်ပေးခြင်း ပုဒ်မ ၂၆၆ (ခ)တွင် " နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြလာသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။" ဟုလည်းကောင်း၊ ပုဒ်မ ၂၆၆ (ဂ)တွင် " ခန့်အပ်တာဝန်ပေးအပ်ရန် ငြင်းပယ်ခွင့် မရှိစေရ။ " ဟုလည်းကောင်း ဖော်ပြထားချက်ကို ကြည့်ခြင်းအားဖြင့် စစ်ဗျူရိုကရေစီ အုပ်ချုပ်ရေး ယန္တရား တစ်စုံလုံးကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်ပါသည်။ တိုင်း/ပြည်နယ် ဥပဒေချုပ်များ အနေဖြင့် တိုင်း/ပြည်နယ် လွှတ်တော်များတွင် ပြည်သူ့ကိုယ်စားပြုမှုကို အလျဉ်းမတွေ့နိုင်ပါသဖြင့် တိုင်း/ပြည်နယ် လွှတ်တော်၏ ဥပဒေပြု အခန်းကဏ္ဍကို မှေးမှိန်သေးသိမ်စေပါသည်။ တိုင်း/ပြည်နယ် လွှတ်တော်နှင့် အစိုးရ၏ သိမ်ငယ်လှသည့် လက်ရှိအနေအထားကို ယခုကျင်းပနေသော လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များ၏ တင်ပြချက်ကို တွေ့မြင်နေရသည့် လတ်တလောမြင်ကွင်းက သက်သေခံနေပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ တာဝန်များ သတ်မှတ်ပြဌာန်းရေး အဆိုတင်(နေပြည်တော်၊ သြဂုတ် ၁၄) " လက်ရှိမှာ ပြည်နယ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့မှာ ဖြစ်နေတဲ့ ပြဿနာက တချို့ဝန်ကြီးဌာနတွေမှာ ၀န်ထမ်းမရှိဘူး၊ ၀န်ထမ်းမရှိတော့ ၀န်ကြီးဌာနလို့တောင် ပြောဖို့မလွယ်ဘူး။ နောက်ဝန်ကြီးဌာန တချို့က ပြည်ထောင်စုအစိုးရနဲ့ပဲ အလုပ်လုပ်ရမလား၊ ပြည်နယ် အစိုးရအဖွဲ့နဲ့ပဲ အလုပ်လုပ်ရမလား ဆိုတာမျိုးတွေ ဖြစ်နေတယ်။ " ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။ ယခု လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော တိုင်းရင်းသားပြဿနာ တစ်စိတ်တစ်ပိုင်းသည် ပြည်နယ်အစိုးရ အဖွဲ့များကို အခြေခံဥပဒေ ပြဌာန်းချက်များပါ လုပ်ပိုင်ခွင့်များနှင့် ပြည်နယ် လွှတ်တော်များ လွတ်လွတ်လပ်လပ် ဥပဒေပြုခွင့်ရမည်ဆိုပါက အနည်းငယ် ပြေလည်သွားနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်က ဆိုသည်။ (The Voice; Vol.8/ No. 33; p-22) နအဖ ဥပဒေ အမှတ် ၁၆/ ၂၀၁၀ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပြဌာန်းပေးထားခဲ့သည်။ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေနှင့် စရွေးကိုက်ဖြစ်သည်။ တရားသူကြီးများကို ခန့်အပ်ခြင်းနှင့်ပတ်သက်၍ ပုဒ်မ -၂၉၉ (ဂ) (၂) တွင် " ပုဒ်မ (၃၀၁)တွင် သတ်မှတ်ထားသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ်ခန့်အပ်ရန် အမည်စာရင်း တင်သွင်းသူကို ငြင်းပယ်ခွင့် မရှိစေရ။ " ဟု ပါရှိပါသည်။ ထို့ကြောင့်ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ်တင်မြှောက်လိုက်သည့် တရားသူကြီးမဟုတ်ပါ။ သမ္မတ (အုပ်ချုပ်ရေး အကြီးအမှုး)က ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်အား ခန့်အပ်ထားကြောင်း ပေါ်လွင်ထင်ရှားပါသည်။ အုပ်ချုပ်ရေးအာဏာအောက်က တရားစီရင်ရေး အာဏာ ရှိနေသည်ဆိုလျှင် အုပ်ချုပ်သူစေခိုင်းသည့် အတိုင်း အမိန့်ချကြရပေတော့သည်။ လက်ရှိ အာဏာပိုင် စိတ်ကြိုက် နှစ်အရှည်ဆုံး ထောင်ဒါဏ်များ ချမှတ်နေခြင်းက သက်သေပြနေပါသည်။ အဘယ်မှာလွတ်လပ်သည့် တရားစီရင်ရေး ဖြစ်နိုင်ပါအုံးမည်နည်း။ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်က စုတ်ပြတ်သတ်နေကြောင်းကို အတွေးအခေါ်ပညာရှင် ဆရာဝန်မကြီး တစ်ဦး၏ ထုတ်ဖော်ချက်အား တစ်တိုင်းပြည်လုံး ကြားသိကြရပါသည်။ စေတနာကောင်းဖြင့် ထောက်ပြသည်ကို နိမ့်ချရိုကျိုး ပြုပြင်ရပါမည်။ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မ ၃၀၈ (ခ) (၂)တွင် " ပုဒ်မ (၃၁၀)တွင် သတ်မှတ်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏ အရည်အချင်းနှင့် မပြည်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော် သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်နှင့် ညှိနှိုင်းပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန်လည်းကောင်း အမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့်မရှိစေရ။ " ဟု ဖော်ပြထားသဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့တွင် တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ရွေးချယ်တင်မြှောက်ပိုင်ခွင့် မရှိကြောင်းအထင်အရှား တွေ့ရပါသည်။ သမ္မတနှင့် ၀န်ကြီးချုပ်များကသာ ခန့်အပ်ထားခြင်း ဖြစ်ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့၏ လုပ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ကို မျက်ကွယ်ပြုထားခြင်း ဖြစ်ပါသည်။ ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်ရမည့် ပြည်သူ့တရားသူကြီး ၏အခန်းကဏ္ဍကို စိန်ခေါ်လိုက်သလို ဖြစ်နေပါသဖြင့် ဤပုဒ်မအားလည်း အသစ်ပြုပြင် ပြဌာန်းသင့် ပါသည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့ထားရှိခြင်းမှာ ဟန်ပြသဏ္ဍာန် ဆောင်ရုံသက်သက်မျှသာ ဖြစ်နေပါသဖြင့် ပြည်ထောင်စုအစိုးရ၏ ဖြစ်တည်ရမည့် တရားစီရင်ရေးစနစ်ကို မည်သည့်ပုဒ်မတွင်မှာမျှ ရှာမတွေ့နိုင်ပါ။ သက်ဆိုင်ရာလူမျိုးစု ပြည်နယ်များ၏ ဓလေ့ထုံးတမ်းဆိုင်ရာ အမှုအခင်းများ၊ ဥပဒေများနှင့် စပ်ဆိုင်လာလျှင် ယခုခန့်အပ်ထားသည့် ဗျူရိုကရက်အရာရှိ တရားသူကြီးများက မည်သို့စစ်ဆေးစီရင်ရမည်ကို တတ်သိနားလည်နိုင်မည် မဟုတ်ပါ။ ပြည်ထောင်စု တရားစီရင်ရေး စစ်စစ် တစ်ရပ်ပေါ်ပေါက်လာရန် အထူးကျိုးစားရန်လိုအပ်ပါသည်။ တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာကို ဖေါ်ပြသည့် ပုဒ်မ (၂၄၉) တွင် " ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်။ ထို့ပြင် ပြည်ထောင်စုဥပဒေ တစ်ရပ်ရပ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။ " ဟုဖော်ပြထားသည်မှာ အစိုးရ၏ အုပ်ချုပ်မှုအာဏာက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၏ ဥပဒေပြုနိုင်သောကိစ္စရပ်များပေါ် လွှမ်းမိုးထားကြောင်းတွေ့ရသည်။ ပုဒ်မ (၂၁၆)ကဲ့သို့ ပြည်ထောင်စုမှာ ဖော်ပြထားသည့်အတိုင်း ဖြစ်နေပါသည်။ ဤနေရာတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအရသာ ဖွဲ့စည်းမည်ဆိုပါက ပြည်နယ်လွှတ်တော် ဥပဒေပြုရေးအာဏာအထက်တွင် ပြည်နယ်အစိုးရ လုံးဝမရှိရပါ။ ဥပဒေပြုလွတ်တော် ကပြဌာန်းလိုက်သည့် ဥပဒေကိုသာ အစိုးရက လိုက်နာကျင့်သုံးရပါမည်။ ထို့ကြောင့် ပြည်နယ်လွှတ်တော်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်လိုအပ်ပါသဖြင့် ဤပုဒ်မအားလည်းဖျက်သိမ်းပြီး ပြည်ထောင်စုပီပြင်သည့် ပြည်နယ်ဥပဒေပြုလွှတ်တော်များကို တည်ဆောက်နိုင်မည့် ပုဒ်မများကိုသာ ထည့်သွင်းပြဌာန်းသင့်ပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ (၄၀) တွင် " တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ပြည်ထောင်စု အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်ကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဖက်စပ်ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်နှင့် အညီဖြစ်စေ လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ " ဟု ဖော်ပြထားချက်အရ ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်အကြားတွင် တိကျသည့်အကျိုးစီးပွားသတ်မှတ်ချက်ကို ခွဲဝေမျှတစေသင့်ပါသည်။ နိုင်ငံရေးတိုင်းသည် စီးပွားရေး၏ အဆက်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိမြင်သင့်ပါသည်။ တိုင်းပြည်ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သော့ချက်ဖြစ်ပါသည်။ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ ( န၀တ ဥပဒေ အမှတ်- ၉/၈၉)ကို ၁၉၈၉ ခုနှစ် မတ်လ (၃၁)ရက်နေ့ ပြဌာန်းပြီးနောက် တစ်ဆက်တည်းမှာပင် ၁၉၉၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် ( The Union of Myanmar Economic Holding Limited) န၀တ အမိန့်ကြော်ငြာစာ အမှတ် - ရ/ ၉၀ ဖြင့်ဖွဲ့စည်းခဲ့သည်။ ထို့ပြင် ဥပဒေနောက်ထပ်တိုးလာသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (ဥပဒေအမှတ် -၆/၉၇ ပုံ- သန်းရွေ)ဖြင့် ပြဌာန်းထားသေးသည်။ ဤဥပဒေများ၏ မလျော်သြဇာသုံးပြီး စီးပွားရေးလက်ဝါးကြီးအုပ် သွေးစုပ်နေမှုများကို တစ်တိုင်းပြည်လုံးရှိ တိုင်းရင်းသားလူမျိုးစုံ ပြည်သူအများ ခံစားနေရသည့် အခြေအနေတစုံလုံးအား အပွင့်လင်းဆုံး ဖော်ထုတ်ဖွင့်ချကြရန် လိုအပ်ပါသည်။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မည်ကဲ့သို့ အကျိုးစီးပွားခွဲဝေပါမည်နည်း။ နအဖ လက်ဝါးကြီးအုပ် အရင်းရှင်စီးပွားရေးစနစ်က ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ် အကြားတွင် မည်သို့မျှ လက်ဝါးကြီးအုပ် ခွဲဝေမှု၊ ပိုင်ဆိုင်မှုနှင့် ဆက်ဆံမှု မပြုလုပ်သင့်ပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေးနှင့် တိုက်ရိုက်အချိုးကျနေ၍ ဖြစ်ပါသည်။ အကျိုးစီးပွားအရ အရင်းရှင် လူမျိုးကြီးဝါဒ လက်ဝါးကြီးအုပ်မှု၊ သွေးစုတ်ချယ်လှယ်မှုမှ ကင်းလွတ်နိုင်စေရန် လူမျိုးစုတိုင်း သတိထားသင့်ပါသည်။ ဖန်တရာတေ သမိုင်းသင်ခန်းစာများအရ မပေါ့ဆကြရန်လိုပါသည်။ မိမိတိုင်း/ပြည်နယ်များအတွက် ကိုယ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ရပ်ရေးဆွဲပြဌာန်းထားခြင်းဖြင့် ကာကွယ်သင့်ပါသည်။ ပြည်ထောင်စုနှင့် သက်ဆိုင်ရာ တိုင်း/ပြည်နယ် လိုအပ်ချက်များနှင့် အံဝင်ဂွင်ကျဖြစ်ရန် လိုအပ်ပါသည်။ ပြည်ထောင်စု စစ်စစ်ထူထောင်ရေးအတွက် ဦးတည်ချက် ပန်းတိုင်ဖြစ်ရပါမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာ ပုဒ်မ ၂၆၁ (ဂ) တွင် " နိုင်ငံတော် သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။ " ဟု ဖော်ပြထားသည်။ ပုဒ်မ ၂၄၇ (က)တွင် " တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အုပ်ချုပ်ရေးအကြီးအမှူးးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်ရမည်။ " ဟုသာဖော်ပြပါသည်။ ပြည်ထောင်စုမှာကဲ့သို့ သမ္မတဟု ခေါ်ဝေါ်ရမည်ဟု မဖော်ပြသော်လည်း " အကြီးအမှူး သို့မဟုတ် အကြီးအကဲ " ဟုဖော်ပြသင့်ပါသည်။ ပြည်ထောင်စု မပီသမှုတစ်ချက်ကို တွေ့ရှိရပါသည်။ လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသည် မိမိတိုင်းဒေသကြီးနှင့် မိမိပြည်နယ်မှ ရွေးချယ်ထားခြင်းခံရသည့် ပုဂ္ဂိုလ်များမဟုတ်သည်များကို ကြည့်ခြင်းအားဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ ပြည်သူလူထု၏ ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်များမဟုတ်ဘဲ ခန့်အပ်အုပ်ချုပ်သည့် ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တယားဖြစ်ကြောင်း ပီပြင်စွာတွေ့ရှိရပါသည်။ ပြည်သူ့အုပ်ချုပ်ရေးနှင့် ဝေးပြီးရင်းဝေးပြီး တလွဲတချော် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် အခြေအနေကို ရောက်ရှိနေသည့်အတွက် အုပ်ချုပ်ရေး ယန္တယားတစ်စုံလုံးကို အသစ်ပြင်ဆင် ပြဌာန်းသင့်ပါသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးဆိုင်ရာ ပုဒ်မ (၂၆၀)တွင် " တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ရုံးလည်းဖြစ်သည်။ " ဟုလည်းကောင်း၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးဆိုင်ရာပုဒ်မ (၂၈၈)တွင် " ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်။ " ဟုလည်းကောင်း ဖော်ပြထားသည်ကိုတွေ့ရပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက ကိုလိုနီအုပ်ချုပ်ရေး ယန္တယားဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည့် ပုံသဏ္ဍာန်နှင့် ဘာများကွာခြားပါသနည်း။ ပါလီမန်ခေတ်၊ မဆလ ခေတ်နှင့် ဘာများကွာခြားပါသနည်း။ ဆန်းစစ်ကြည့်လိုက်လျှင် မျောက်လောင်း မျောက်လောင်းပင် အတူတူနှင့် အနူနူ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ဗျူရိုကရေစီ အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီအုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းချင်သည်ဆိုလျှင် ယန္တယားတစ်စုံလုံးကို ပြောင်းလဲပစ်ရန်လိုပါသည်။ ပြည်သူ့အတွက် ပြည်သူတွေကိုယ်တိုင် အုပ်ချုပ်သည့် ပြည်သူ့ဒီမိုကရေစီအုပ်ချုပ်ရေးသို့ မုချပြောင်းလဲပစ်ရမည့် ခေတ်ရောက်နေပါသဖြင့် ဤပုဒ်မအားလုံးကို ပြန်လည်ပြုပြင် ပြဌာန်းသင့်ပါသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးနှင့် စပ်ဆိုင်သည့်ပုဒ်မ (၂၈၉)အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြဌာန်းသကဲ့သို့ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေး ဥပဒေများကို ပြဌာန်းလာနိုင်လျှင် တစ်နည်းတစ်ဖုံ ပြောင်းလဲလာနိုင်ပါသည်။ ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်သည့် ဥပဒေများကို ပြည်ထောင်စုလွှတ်တော် စစ်စစ်ကသာလျှင် ဖော်ဆောင်နိုင်မှာ ဖြစ်ပါသည်။ Last Updated ( Sunday, 16 September 2012 02:32 )

No comments:

Post a Comment