Sunday 16 September 2012

ရခိုင်ပြည်နယ် သတင်းစာဆရာအသင်းဥက္ကဌ ကျွန်းသားငမန်းနှင့်တွေ့ဆုံခြင်း

စက်တင်ဘာ (၁၀)ရက်နေ့၊ နေ့လည် (၁)နာရီတွင် စစ်တွေမြို့၊ ရခိုင်ပြည်နယ်သတင်းဂျာနယ်တိုက်၌ ရခိုင် ပြည်နယ် သတင်းစာဆရာအသင်း ဥက္ကဌလည်းဖြစ်၊ ရခိုင်ပြည်နယ်သတင်းဂျာနယ်၏ အယ်ဒီတာချုပ် လည်းဖြစ်သော ဆရာကျွန်းသားငမန်းနှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် ဆရာက ၄င်းအနေဖြင့် နိုင်ငံရေးသမားဘ၀ထက် သတင်းသမားဘ၀ကို ပို၍မြတ်နိုး ကြောင်းအပါအ၀င် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၏ ညီလာခံအတွေ့အကြုံနှင့် ရခိုင်ပြည်နယ် သတင်းလောက တိုးတက်ရေး အနာဂတ်မျှော်မှန်းချက်များကို ရင်းနှီးပွင့်လင်းစွာ ဖွင့်ဟပြောဆိုခဲ့သည်။
ဆရာအနေနဲ့ သတင်းသမားတစ်ယောက်အဖြစ် ရပ်တည်မယ့်ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးပါတီက နှုတ်ထွက် လိုက်တယ်ဆိုတာ ဟုတ်ပါသလား။ ဟုတ်ပါတယ်။ ကျနော်ဟာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ကျနော်ရှုံးခဲ့ပါတယ်။ ပါတီမှာ မြို့နယ်အတွင်းရေးမှူး၊ ခရိုင်ကော်မတီဝင်တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ အဲဒီတုန်းက နိုင်ငံရေးသမား ဆိုပေမယ့် ကျနော်မြတ်နိုးတဲ့ သတင်းသမားအလုပ်ကို ဆက်လုပ်နေခဲ့တယ်။ ကျနော်ဟာ သတင်းသမားပီပီ ဘက်မလိုက်ဘဲ ရေးတယ်လို့ခံယူထားခဲ့တာပါ။ ဒါပေမယ့် ပြည်သူတွေအမြင်မှာ ပြည်ခိုင်ဖြိုးပါတီဝင် နိုင်ငံရေးသမားမို့ ဘက်လိုက်ရေးသားတယ်လို့မြင်ကြတယ်။ ဒီတော့ ကျနော့်ဘ၀မှာ ကျနော်ယုံကြည်သော ကျနော်မြတ်နိုးသော သတင်းစာဆရာအလုပ်ကိုပဲ လုပ်တော့မယ်ဆိုပြီး ပါတီကထွက်လိုက်တာဖြစ်တယ်။ သီးခြားလွတ်လပ်သော သတင်းစာဆရာတစ်ယောက်သည်သာ ပြည်သူအတွက်အများကြီးလုပ်နိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ ပါတီနိုင်ငံရေးက နှုတ်ထွက်ပြီးနောက် သတင်းသမားတစ်ယောက်အနေနဲ့ ရခိုင်ပြည်အတွက်ဘယ်လောက် လုပ်နိုင်မယ်လို့ မျှော်လင့်ပါသလဲ။ သတင်းသမားတစ်ယောက်ရဲ့ ခိုင်မာတဲ့ရပ်တည်ချက်နဲ့အညီ ကျနော်ယုံကြည်ရာကို ပိုင်ပိုင်နိုင်နိုင်လုပ်မယ်။ ရခိုင်ပြည်သူအကျိုးအတွက်၊ ရခိုင်ပြည်နယ်အကျိုးအတွက် ကျနော် ပြောသင့်တာပြောမယ်။ ဆိုသင့်တာဆိုမယ်။ သတင်းစာကနေ ကျနော့် ကလောင်နဲ့ ကျနော်အစွမ်းကုန် ကြိုးစားပေးသွားမယ်။ ရခိုင်ပြည်နယ် သတင်းစာဆရာအသင်း ဥက္ကဌအနေနဲ့ သြဂုတ်လ(၁၁)ရက်နေ့က ရန်ကုန်မှာကျင်းပတဲ့ MJA နိုင်ငံလုံးဆိုင်ရာညီလာခံကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ညီလာခံအတွေ့အကြုံလေးနဲ့ ရှင်းပြပါလား ဆရာ။ ညီလာခံမှာ ဆုံးဖြတ်ချက်(၄)ချက်ချမှတ်တယ်။ အဲဒါတွေကတော့ (၁) MJA ရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဖြည့်စွက်ပြင်ဆင်ချက်တွေအပေါ် သဘောတူညီချကာ ရယူတယ်။ (၂) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အတည်ပြုတယ်။ (၃) ဗဟိုကိုအတည်ပြုတယ်။ (၄) စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်လို့ အဆိုတစ်ခုကို အတည်ပြု ဆုံးဖြတ်တာဖြစ်တယ်။ ကျနော်တို့ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်သုံးယောက်တက်တယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနဲ့ ပတ်သက်လို့ အကြံပြုချက် ပေးရတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်က (၅)ချက်အကြံပြုခဲ့တယ်။ အဲဒီမှာ ညီလာခံသက်တမ်းကိစ္စ၊ အသင်း၏ ဆောင်ပုဒ်သတ်မှတ်ရေးကိစ္စတွေလည်း ပါတယ်။ ဗဟိုကဆောင်ပုဒ်ကို "သတင်းသည်ပြည်သူ့အတွက်"လို့ ယာယီအဆိုပြုတယ်။ ရခိုင်ကတော့ "သတင်းသည် ပြည်သူ့အသံ"ဆိုတဲ့ ဆောင်ပုဒ်ကို တင်ပြခဲ့တယ်။ ပြည်နယ်အဆင့်ကနေ မြို့နယ်အဆင့်ထိ ဆင့်ကဲဆောင်ရွက်မှုတွေလုပ်မယ့် အစီအစဉ်ရှိပါသလား။ MJA ဖွဲ့စည်းပုံအရ မြို့နယ်အဆင့်ဖွဲ့စည်းပုံ မပါရှိဘူး။ ပြည်နယ်/တိုင်းဒေသကြီးနဲ့ ဗဟိုလောက်ပဲပါတယ်။ အကယ်၍ လိုအပ်ချက်အရ မြို့နယ်တွေမှာလည်း မဖြစ်မနေဖွဲ့စည်းမယ်ဆိုရင် မြို့နယ်ခွဲဖွဲ့ပေးရင် ကောင်းမယ်လို့ ကျနော်တင်ပြခဲ့တယ်။ ဥပမာ - တောင်ကုတ်ဆိုရင် စစ်တွေနဲ့ဝေတယ်။ ဒီတော့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း(ရခိုင်ပြည်နယ်) တောင်ကုတ်မြို့နယ် အသင်းခွဲဆိုပြီးတော့ ဖွဲ့သင့်ကြောင်းတင်ပြတယ်။ လက်ခံနိုင်မယ့် သဘောတွေ့ရတယ်။ အခုဖွဲ့ထားတဲ့ သတင်းစာဆရာအသင်းနဲ့ အရင်ကရှိခဲ့တဲ့ စာပေနဲ့စာနယ်ဇင်း ဘယ်လိုကွာပါသလဲ။ လုပ်ငန်းသဘော သဘာဝကအစ လုံးဝခြားနားသွားတာတွေ့ရတယ်။ အရင်တုန်းက စာနယ်ဇင်းဆိုတာ စာရေးဆရာနဲ့ သတင်းစာဆရာ ပေါင်းထားတယ်။ နောက်ပြီး နိုင်ငံတော်က ကြီးကြပ်ခြင်းကိုခံရတယ်။ အခုဒီနေ့ သတင်းစာဆရာ အသင်းသည် သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်တယ်။ သိသာထင်ရှားတဲ့ အချက်တစ်ခုကတော့ ကျနော်တို့မြန်မာနိုင်ငံ သတင်းစာဆရာအသင်း မဖွဲ့ခင်ကတည်းက ပြန်ကြားရေးက စာနယ်ဇင်းကောင်စီ(အမြုတေကောင်စီ) ဖွဲ့ခဲ့တယ်။ MJA မှာပါတဲ့ သတင်းစာဆရာတွေကိုလည်း ဖိတ်တယ်။ MJA က ကန့်ကွက်ထားတဲ့ အချက်အလက်တွေကိုပါ ထည့်ဖွဲ့ထားလို့ MJA အနေနဲ့ အဲဒီအမြုတေကောင်စီကို လုံးဝကန့်ကွက်ကြောင်း ကြေညာခဲ့တယ်။ ဒါကြောင့် အဲသည် စာနယ်ဇင်းအမြုတေကောင်စီ လုံးဝရပ်ဆိုင်းသွားခဲ့တယ်။ နောက်ပိုင်းပြန်ကြားရေးဝန်ကြီးသစ် တက်လာတဲ့အခါ ဒီလ (၈) ရက်နေ့က MJA ဒုဥက္ကဌ ဦးကိုကို ကိုခေါ်တွေ့ဆွေးနွေးလိုက်လျောပေးခဲ့တယ်။ ကျနော်တို့အဖွဲ့အစည်းဟာ ဘယ်အဖွဲ့အစည်းရဲ့ သြဇာခံမှမဟုတ်ဘဲ။ သီးခြားလွတ်လပ်စွာ ရပ်တည်ပြီး ပြည်သူ့မျက်နှာတစ်ခုတည်းကိုပဲ ကြည့်သွားမှာဖြစ်တယ်။ ဒါကြောင့် အရင်တုန်းကရှိခဲ့တဲ့ စာနယ်ဇင်းနဲ့ လုံးဝမတူဘူးပြောချင်တယ်။ ရခိုင်ပြည်နယ် သတင်းစာဆရာအသင်း အနေနဲ့ ပြည်နယ်တွင်း သတင်းသမား ပိုများလာအောင် ဘယ်လိုဆောင်ရွက် သွားမှာပါလဲ။ လောလောဆယ် ရံပုံငွေအားနည်းတာမို့ ကြီးကြီးမားမားမလုပ်နိုင်သေးခင်မှာ Workshop လေးတွေစလုပ်မယ်။ ဒီမှာရှိတဲ့ အတွေ့အကြုံရှိပြီးသား သတင်းထောက်တွေနဲ့နယ်တွေမှာ Citizen Journalist ရက်တိုသင်တန်းတွေလုပ်မယ်။ လူငယ်ဝါသနာရှင်တွေကို ကျနော်အယ်ဒီတာချုပ်လုပ်နေတဲ့ ရခိုင်ပြည်နယ် သတင်းဂျာနယ်မှာ ၀င်ရေးကြဖို့ တွန်းအားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ပီးတော့ MJA(ရန်ကုန်) နဲ့ချိတ်ဆက်ပြီးတော့သတင်းထောက်သင်တန်းတွေတက်နိုင်အောင်ကြိုးစားမယ်။ထူးချွန်ပြောင်မြောက်သော ရခိုင်သတင်းစာဆရာလူငယ်များဖြစ်ပေါ်အောင် အထူးကြိုးစားသွားမှာဖြစ်တယ်။ အခုလည်းကြိုးစား နေပါ တယ်။ လူငယ်သတင်းသမားတွေကို ဆရာဘာတွေများ အမှာစကားပါးချင်ပါသလဲ။ အမှန်က သတင်းသမားတစ်ယောက်လုပ်မယ်ဆိုရင် စိတ်ရှည်ဖို့၊သည်းခံဖို့၊ဇွဲရှိဖို့လိုပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ဌာနဆိုင်ရာတွေဟာသတင်းသမားတွေနဲ့အရမ်းစိမ်းနေသေးတယ်။သတင်းသမားတွေနဲ့ အတွေ့မခံဘူး။တခါတလေ သတင်းသမားကို ကြောက်တဲ့လူတွေတောင်တွေ့ရတယ်။ ဒီလိုကြောက် နေသူနဲ့ ဆက်ဆံတဲ့အခါ သည်းခံပြီးတော့ပြောပြသွားရမှာဖြစ်တယ်။ဒါကြောင့် သတင်းလိုက်တဲ့အခါ သည်းခံကြပါ၊ စိတ်ရှည်ကြပါ၊ဇွဲရှိကြပါ။ ဒီသုံးချက်နဲ့အညီ အလေးထားဆောက်ရွက်မယ်ဆိုရင် ကျနော်တို့၏ မီဒီယာရည်မှန်းချက်တွေ အောင်မြင်လာမှာ သေချာပါတယ်။ Last Updated ( Friday, 14 September 2012 12:23 )

No comments:

Post a Comment