Saturday 15 September 2012

VISA ကတ် မြန်မာနိုင်ငံသို့ သုံးလအတွင်း ၀င်ရောက်နိုင်ရန် ပြင်ဆင်နေပြီး မြန်မာဘဏ် သုံးဘဏ်နှင့် စတင်ချိတ်ဆက် ဆောင်ရွက်မည်

VISA ကတ် မြန်မာနိုင်ငံသို့ သုံးလအတွင်း ၀င်ရောက်နိုင်ရန် ပြင်ဆင်နေပြီး မြန်မာဘဏ် သုံးဘဏ်နှင့် စတင်ချိတ်ဆက် ဆောင်ရွက်မည်PDFPrint
FRIDAY, 14 SEPTEMBER 2012 17:12
AddThis Social Bookmark Button

Visa ကတ်စနစ်ကို မြန်မာနိုင်ငံတွင် သုံးလအတွင်း အသုံးပြုနိုင်ရန် ပြင်ဆင်နေပြီး ကနဦး အနေဖြင့် မြန်မာဘဏ်များဖြစ်သော ကမ္တောဇဘဏ်၊ သမ၀ါယမဘဏ်(CB)နှင့် မြန်မာ့စီးပွားရေးဘဏ်များနှင့် စတင် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း  သတင်းရရှိပါသည်။
Visa Inc ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Visa Incမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့်   စက်တင်ဘာလ ၁၃ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြချက်အရ သိရပါသည်။
Visa Credit Card System ကို ပြည်တွင်းဘဏ် သုံးဘဏ်အပြင်  ပြည်တွင်းရှိ အခြားဘဏ်များတွင်လည်း အသုံးပြုနိုင်ရန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ Visa Credit Card System ကို ပထမအဆင့် အနေဖြင့် မြန်မာဘဏ်များရှိ ATM (Automatic Teller Machine) စက်များတွင် သုံးစွဲနိုင်ရေး၊ ဒုတိယအဆင့် အနေဖြင့် ဟိုတယ်ကြီးများ၊ နိုင်ငံခြားသား ခရီးသွားများ အများအပြား သွားရောက်သော ထင်ရှားသည့် နေရာဒေသများတွင် သုံးစွဲနိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် Mobile Point of  Sale(MPOS) စနစ်ကို သုံးစွဲနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် တွေ့ဆုံပွဲတွင် Visa Inc (Asia Pacific)LLC မှ Country Manager Mr. Somb- oon Krobteeranon နှင့် Visa Worldwide Pte Limited မှ Director Mr. Hiro Taylor ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
နာမည်ကျော် အီလက်ထရောနစ် ငွေပေးချေ ကတ်လုပ်ငန်း VISA Inc က ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာမည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ VISA ရုံးမှ သြဂုတ်လ ၁၇ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
"ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ အရ မြန်မာနိုင်ငံကို စီးပွားရေးအတွက်ပဲ ဖြစ်ဖြစ်၊ အပျော် ခရီးလာတာပဲဖြစ်ဖြစ် လာရောက်ကြမယ့်  နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် အရေးတကြီးလိုအပ်ချက် က အခြေခံ အေတီအမ် ကွန်ရက်စနစ်နဲ့ Point of Sales Terminal တွေ ဖြစ်လာပါလိမ့်မယ်။ ဒီအပိုင်းကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်ဆုံး အာရုံစူးစိုက်ပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်"ဟု အရှေ့တောင်အာရှ နှင့် သြစတြေးလျ အာရှဒေသဆိုင်ရာ Visa Group Country Manager Mr. Peter Maher က အဆိုပါထုတ် ပြန်ချက်တွင် ပြောကြားပါသည်။
VISA ကတ် မြန်မာနိုင်ငံသို့ ၀င်ရောက်လာပါက Myanmar Payment Union Network နှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများသာ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း Myanmar Payment Union အဖွဲ့ဝင်ဘဏ်များထံမှ သိ ရပါသည်။
VISA ကတ်၏ ကမ္ဘာလုံးဆိုင်ရာ အဓိက ပြိုင်ဘက်ဖြစ်သော Master ကတ်ကလည်း မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် သမ၀ါယမဘဏ်နှင့် ချိတ်ဆက်ပြီးဖြစ်သည်ဟု ယခုလဆန်းပိုင်းက သတင်းထုတ်ပြန်ထားသည်။ ဂျပန် JCB ကတ်နှင့် တရုတ် CUP ကတ်တို့ကလည်း ပြင်ဆင်နေကြ ကြောင်း သိရပါသည်။ VISA Inc သည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု နည်းပညာကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ၀န်းကျင်တွင် ၀န်ဆောင်မှုပေးနေပါသည်။

No comments:

Post a Comment