Saturday 15 September 2012

စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၁ နှစ်ပြည့် အမေရိကန်တွင် ကျင်းပ


စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၁ နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်တွင် အမေရိကန်၌ နယူးယောက်မြို့၊ ၀ါရှင်တန်ရှိ ပင်တဂွန်စစ်ဌာနချုပ်၊ အကြမ်းဖက်သမားများကို ပြန်လည်တိုက်ခိုက်ပြီး လေယာဉ်ပျက် ကျခဲ့သော ပင်ဆီဗေးနီးယားပြည်နယ်ရှိ လယ်ကွင်းတို့၌ ပြုလုပ်ခဲ့သည်။
နယူးယောက်မြို့ရှိ ကုန်သွယ်ရေးမျှော်စင်ညီနောင်ကို အယ်လ်ကေးဒါးတို့က လေယာဉ်များပြန်ပေးဆွဲပြီး အသေခံဝင်တိုက်မှုကြောင့် လူ ၂၉၈၃ ဦး သေဆုံးခဲ့သည်။ သေဆုံးသူတို့၏ အမည်များကို သူတို့၏ ဆွေမျိုးများက ဖတ်ပြသည့် အခမ်းအနားကို ပြိုကျခဲ့သော အဆောက်အအုံနေရာတွင် ပြန်လည်တည်ဆောက်နေသည့် Ground Zero ၌ ပြုလုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ကုန်သွယ်ရေးမျှော်စင်၌ ကားဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူများ၏ အမည်များကိုလည်း သူတို့၏ ဆွေမျိုးများက ရွတ်ဖတ်ခဲ့ကြသည်။
အယ်လ်ကေးဒါးတို့က လေယာဉ်လေးစီးကို ပြန်ပေးဆွဲခဲ့ပြီး နှစ်စီးကို ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်ညီနောင်အားလည်းကောင်း၊ တစ်စီးကို ပင်တဂွန်စစ်ဌာနချုပ်သို့လည်းကောင်း ၀င်တိုက်ခဲ့ပြီး တစ်စီးမှာမူ ခရီးသည်များက ပြန်လည်တိုက်ခိုက်ပြီး ပင် ဆီဗေးနီးယားလယ်ကွင်းထဲသို့ ထိုးဆင်းခဲ့သည်။ ယင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အချိန်များကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ခေတ္တငြိမ်သက်ခဲ့ကြသည်။ လေယာဉ်များ ၀င်တိုက်မိကြောင့် မျှော်စင်ညီနောင်ပြိုကျခဲ့သည့်အချိန်နှစ်ခုတွင်လည်း ခေတ္တငြိမ်သက်ခဲ့ကြသည်။
မင်ဟက်တန်ရှိ One World Trade အဆောက်အအုံတွင် 9/11 တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူများအတွက် ဂုဏ်ပြုသည့် အလင်းရောင်ထွန်းထားစဉ် Photo: AFP
၁၀ နှစ်ပြည့် အခမ်းအနားပြုလုပ်စဉ်က အမေရိကန်သမ္မတ ဘာရက်အိုဘားမားအပါအ၀င် အရေးကြီးဧည့်သည်များစွာ တက်ရောက်ခဲ့သော်လည်း ယခုနှစ်အခမ်းအနားသို့ နယူးယောက်မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘာ့ဂ်နှင့် အခြားနိုင်ငံရေးသမားများက မတက်ရောက်ခဲ့ပေ။
၁၁ နှစ်ပြည့်အခမ်းအနားကို အိုဘားမားနှင့် သူ၏ဇနီးမီရှဲလ်အိုဘားမားတို့က အိမ်ဖြူတော်အပြင်ဘက်တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ခေတ္တငြိမ်သက်ခဲ့ကြပြီး ပင်တဂွန်တွင်ပြုလုပ်ခဲ့သော အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က ယူနိုက်တက်လေကြောင်းလိုင်း အမှတ်စဉ် ၉၃ ပျက်ကျခဲ့သော ပင်ဆီဗေးနီးယားပြည်နယ်ရှိ Shanksvilleသို့ သွားရောက်ခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာသည်လည်း ပင်ဆီဗေးနီးယားသို့ သွားရောက်ခဲ့ပြီး သေဆုံးခဲ့သူများကို ဂါရ၀ပြုခဲ့ကာ အာဖဂန်တွင် အကြမ်းဖက်တိုက်ခိုက်မှု နှိမ်နင်းရေးစစ်ပွဲအတွက် အသက်ပေးခဲ့ရသော အမေရိကန်တပ်ဖွဲ့ဝင်များ ကိုလည်း မမေ့လျော့ကြရန် သတိပေးခဲ့သည်။ အကြမ်းဖက်သမားများကို ပြန်လည်တိုက်ခိုက်ခဲ့သော လေကြောင်းအမှတ်စဉ် ၉၃ လေယာဉ်မှ  ခရီးသည်များ အသက်စွန့်ခဲ့သလိုပင် အာဖဂန်စစ်ပွဲတွင် တိုက်ပွဲဝင်နေသူများသည်လည်း စွန့်လွှတ်အနစ်နာ ခံသူများဖြစ်ကြောင်း သူကဆိုသည်။
9/11 တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူများအတွက် အောက်မေ့သည့် အထိမ်းအမှတ်အဖြစ် Pepperdine တက္ကသိုလ်ကျောင်းသားများက အမေရိကန်အလံများကို စိုက်ထူထားစဉ် Photo: AFP
ဘင်လာဒင်စီးနင်းမှုအကြောင်း စာအုပ်ထုတ်ဝေမှု
၉။၁၁ အကြမ်းဖက် တိုက်ခိုက်ခံရမှု ၁၁ နှစ်ပြည့်နှင့် တိုက်ဆိုင်ပြီး ဘင်လာဒင်ကို စီးနင်းမှုတွင် ပါဝင်ခဲ့သော Navy SEAL မှ အဖွဲ့ဝင်ဟောင်းတစ်ဦးက မာ့ခ်အိုဝင်အမည်ဖြင့် ရေးသားခဲ့သော စာအုပ်ကိုလည်း ဖြန့်ချိခဲ့သည်။ ယင်းစာအုပ်တွင် အထူး တပ်ဖွဲ့များက တိမ်းရှောင်နေသော ဘင်လာဒင်ကို နှိမ်နင်းခဲ့ပုံ၊ သတင်းများပြန်ပို့ပုံစသော အချက်အလက်များ ပါဝင်ခဲ့သည်။ သို့သော် အမေရိကန်မီဒီယာများက စာအုပ်ရေးသားသူမှာ မက်ဘက်ဆွန်နက်တီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ စာရေးသူကို ဥပဒေကြောင်းအရ ကိုင်တွယ်မည်ဟု ပင်တဂွန်က ထုတ်ပြန်သည်။
၉။၁၁ ဆိုးကျိုးသက်ရောက်မှုများတွင်  ကင်ဆာ ၅၈ မျိုးကို ထပ်မံပေါင်းထည့်
စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကုန်သွယ်ရေးမျှော်စင်ညီနောင် ပြိုကျမှုမှ ထွက်ပေါ်လာသော အဆိပ်သင့်ပစ္စည်းများ ထိတွေ့ခဲ့သူများ ခံစားခဲ့ရသည့် ကင်ဆာရောဂါ ၅၈ မျိုးကို ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူများက စက်တင်ဘာလ ၁၀ ရက်တွင် ၉/၁၁ ၏ ဆိုးကျိုးသက်ရောက်မှုများ စာရင်းတွင် ထပ်မံပေါင်းထည့်ပေးခဲ့သည်။ ဆိုးကျိုးသက်ရောက်မှုစာရင်းတွင် ယင်းကဲ့သို့ ပေါင်းထည့်ပေးခြင်းကြောင့် အပျက်အစီးများ ရှင်းလင်းရေးတွင် ပါဝင်ခဲ့ပြီး ရောဂါများရခဲ့ သော စေတနာ့ဝန်ထမ်းများ၊ အသက်ရှင် ကျန်ခဲ့သူများ၊ အနီးနားရှိ နေထိုင်သူများမှာ ဆေးကုသစရိတ်များ ရရှိမည်ဖြစ်သည်။ ကုသစရိတ် ဘတ်ဂျက်မှာ ဒေါ်လာ ၁၄ သန်းမှ သန်း ၃၀ အထိ ရှိနိုင်သည်။
Ref:CNN;AFP

No comments:

Post a Comment