Saturday 15 September 2012

ခေါင်းလောင်းထိုးသံ


ကျွန်တော် ရေးချင်နေမိသည်မှာ ကြာပြီ။ ရေးသင့်မရေးသင့် ချင့်ချိန်ရင်း အချိန်တွေ လင့်ခဲ့ရသည်။ ယခုတော့ မနေနိုင်လွန်း၍ ရေးလိုက်ရပါပြီ။ သမ္မတကြီး သတိရှိပါ ခင် ဗျာ။ ယနေ့ သမ္မတကြီးသည် တစ်ချိန်က ကျွန်တော်နှင့်လုပ်ဖော် ကိုင်ဖက်ဖြစ်ခဲ့ ပါသည်။ အတူနေ အတူစား ဘဝနှင့် ရင်းနှီးခဲ့ရဖူးပါသည်။ အကြီးအကဲနှင့် ရင်းနှီးကြောင်း မော်ကြွားလို၍ မဟုတ်ပါ။ အတွင်းသိ အစင်းသိဖြစ်ကြောင

်း ပေါ်လွင် စေလို၍ဖော်ပြရခြင်းသာဖြစ်ပါ၏။ လွန်ခဲ့သော ၃၅ နှစ်က ကျွန်တော်တွေ့ခဲ့သိခဲ့ရသော ထိုပုဂ္ဂိုလ် သည် ရိုးသား၏။ ကြိုးစား၏။ သူ့မိသားစု သည်လည်း ရိုးသား၏။ မော်ကြွားခြင်း၊ ထောင်လွှားခြင်း ကင်း၏။ ထိုပုဂ္ဂိုလ်ရော မိသားစုကိုပါ ကျွန်တော်တို့ ဇနီးမောင်နှံ က ညီငယ် ညီမငယ်လို၊ သားလိုသမီးလို သံယောဇဉ်တွေ တွယ်ခဲ့မိသည်။ ကျွန်တော်တို့က အိမ်ချင်းမျက် စောင်းထိုး နေခဲ့ကြရသည်။
ကျွန်တော့်အိမ်မှာ သားတွေ၊ သမီးတွေ တူ၊ တူမတွေ ခြောက်ယောက်ရှိသည်။ တက္ကသိုလ်တွင် လေးယောက် မှော်ဘီအထကတွင် နှစ်ယောက်ထားရသည်။ စရိတ်က မလုံလောက်။ ကျွန်တော့်အိမ်မှာ ဥစား ကြက်တွေ မွေးရသည်။ ကြက်ဥများကို စစ်ရုံးရိပ်သာသို့ သွင်းရသည်။ တရားသဖြင့်ရသော ဝင်ငွေဖြင့် ကလေးခြောက်ယောက် ကျောင်းထားရသည်။ ထိုအချိန် ထိုကာလ က ထိုပုဂ္ဂိုလ်၏ ကလေးများ ငယ်သေးသည်။ ဥစားကြက်မ အကောင် အစိတ်ခန့် မွေးထားသည်။ ကြက် မတွေဥ,ဥလျှင် ကလေးတွေကို ကျွေးသည်။ ပိုသော ကြက်ဥငါး လုံးကို ကျွန်တော့် အိမ်လာပို့တတ်သည်။ ကျွန်တော့်အမေနှင့်ကျွန်တော့် ယောက္ခမ အဘွားကြီးတွေ စားဖို့ဟု လာပို့ခြင်းဖြစ်သည်။ ယခု ခေတ်အခေါ် လာကန်တော့ သည် ခေါ်မလားမသိ။ ရှေ့တန်းတပ်မကို ဖြတ်၍ ရှေ့တန်းတက်ကြ၊ နောက်တန်း ပြန်ကြသော တပ်ရင်းများမှ တောတွင်း ရိက္ခာသံပုံး (တစ်ပုံးလျှင် လူရှစ်ယောက် စာ ရိက္ခာအမယ်စုံပါသည်) တစ်ပုံးတောင်းပြီး ကျွန်တော့်အိမ်သို့ လာပို့သည့်လုပ်ရပ်မျိုး သူ မလုပ်။ သူ့ဇနီးကလည်း မလုပ်။ မိကြီးဖကြီး စားဖို့အိမ်မွေး ကြက်မှဥသော ကြက်ဥလေးငါးလုံး လာပို့ သော ထိုပုဂ္ဂိုလ်မိသားစုကို ကျွန်တော်က ရိုးသား၏ဟု မှတ်ချက် ပြုပါသည်။ ထိုပုဂ္ဂိုလ်သည် ကုသိုလ်လည်း ထူး၏။ တပ်မဌာနချုပ်မှာပင် တပ်မမှူး ခြောက်ဦးလောက်နှင့် တွဲခဲ့ရ သည်။ လူကြီးများနှင့်အနီးကပ် နေခွင့်ရသည့်အတွက် လူကြီးများ တွေးပုံ၊ ခေါ်ပုံ၊ စဉ်းစားပုံတွေ အတုခိုးစရာ အများကြီးရသည်။ ထိုအတွေ့အကြုံများသည် မည်သည့် စစ်သင်တန်း ကျောင်းမှာမှ မရသော တန်ဖိုးကြီးအတွေ့အကြုံ များပါတည်း။ ထိုပုဂ္ဂိုလ်(ဗိုလ်ကြီး)နှင့်ပတ် သက်၍ကျွန်တော် aရးသားခဲ့သော ကဒူးမမှမော်ဖသို့ စာအုပ် ထဲမှာ အတိအကျ အကဲဖြတ်မှတ်တမ်း တင်ထားခဲ့ပြီး ဖြစ်ပါသည်။ ”တပ်မမှူးကြီး ပွဲကြမ်းတာ ဒုတပ်မမှူးကြီး ချော့ပြော သလောက်ရှိပါတယ်”ဟု ညီငယ်လို ဖြစ်နေသော စစ်ဆင်ရေး ဂျီသရီး က သူ့ပုံစံအတိုင်း ခပ်ပြုံးပြုံးခပ် မှန်မှန်လေး ပြောရှာပါသည်။ အလားအလာ ကောင်းသော အရာရှိလေးဖြစ်ကြောင်း ထိုစဉ်ကတည်းက သတိပြုခဲ့မိပါ သည်ဟု ကျွန် တော်ရေးခဲ့သည်။ ဆူသောပူသော လူကြီးကို နောက်ကွယ်မှာ အတင်းပြောသော အကျင့် သူ့မှာမရှိ။ ထို့ ကြောင့်လည်း စစ်မြေပြင် ထွက်လိုက်၊ ဦးစီးဌာန ရောက်လိုက်နှင့် ကံကောင်းလှစွာပဲ အတွေ့အကြုံ တွေရခဲ့လေတော့သည်။ ရာထူးတွေ တစ်ဆင့်ပြီး တစ်ဆင့်တိုးခဲ့သည်။ ဆရာသမား ဆယ်ယောက်၊ ဆယ့်ငါးယောက် လောက်ဆီက အတွေးအခေါ်တွေ၊ ဦးနှောက် အဆီအနှစ်တွေ ရထားခဲ့သော ထို ပုဂ္ဂိုလ်သည် ယနေ့နိုင်ငံတော် သမ္မတဖြစ်နေပေပြီ။ သည်နေ့သည် နေရာရောက် ၍ သည်တာဝန် ထမ်းဆောင်ခွင့်ရ နေသည်မှာလည်း သူ့ရဲ့ငယ်စဉ်က စရိုက်ကြောင့်ဟု ကျွန်တော်က ကိုယ်ပိုင် မှတ်ချက်ပြုပါသည်။ လူတိုင်းမှာ ဒေါသရှိသည်။ သူ့မှာဒေါသ မရှိ။ လူတိုင်းမှာ လောဘရှိသည်။ သူ့မှာ တော်ချင်တတ်ချင်သော အလုပ်လောဘ တော့ရှိသည်။ မတော်လောဘ မရှိ။ သည်နှစ်ချက်ကြောင့် သူ့မှာ မောဟမရှိ။ သူ့ လောက် တော်သောသူ ရှိမည်။ သူ့ထက် တော်သောသူ ရှိမည်။ သူ့လောက် ကြိုးစားသူရှိ မည်။ သူ့ထက်ကြိုးစားသူရှိမည်။ သူ့လောက် ရိုးသားသူ ရှိနိုင်သည်။
သူ့ထက် ရိုးသားသူရှိမည် ဟု ကျွန်တော်မထင်။ သည်နေ့ သူ့ကိုတပ်မတော်က ရွေးသည်။ လွှတ်တော်က ရွေးသည်။ နိုင်ငံတော်က တာဝန်ပေးသည်။ တစ်သက်တာမှာ တစ်ခါဖူး မှမလုပ်ဖူးသော အလုပ်ကြီးကို သူလုပ်နေရပြီ။ နိုင်ငံတော်သမ္မတကြီး။ ယနေ့အထိ အောင်မြင်မှုတွေ ရနေသည်။ ဆုံးဖြတ်သင့်သော ကိစ္စကို ရဲရဲဆုံးဖြတ်သည်။ ညှိ နှိုင်း သင့်တာ ညှိနှိုင်းသည်။ တိုင် ပင်သင့်တာ တိုင်ပင်သည်။ ချိန် ဆသင့်တာ ချိန်ဆသည်။ သည်းခံသည်။ စိတ်ရှည်သည်။ ငါတကောကောခြင်း မရှိသေးဟု မြင်မိသည်။ ဗြိတိသျှလက်အောက် ကျွန် သဘောက်ဘဝ ရောက်ခဲ့ရာမှ ရုန်း ကန်ထလာရသော မြန်မာ တစ်မျိုးသားလုံး တက်ကြွသော စိတ်ရှိကြသည်။ အုပ်ချုပ်သူကို ဆန့်ကျင် သော Anti Authority စိတ်သည် ပိုးပမာ လေမှာပြန့်လျက်ရှိသည်။ ၁၉၂ဝ ခုကစ၍ပြန့်ခဲ့သည်။ ၁၉၄၅ ခုမှာ ပြန့်ခဲ့သည်။ ယနေ့အထိ ကျန်နေသေးသည်။ လေထဲမှ ပိုး တွေမကုန်နိုင်သေးဟု ထင်သည်။ သို့သော် ယနေ့နိုင်ငံတော် သမ္မတကြီးကို လူတွေ ထောက်ခံ ကြသည်။ တစ်ပြည်လုံးက ထောက်ခံကြသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့သည်။ လက်တွဲဆောင်ရွက်ဖို့ နှစ်ယောက် စလုံး ရိုးသားစွာ သဘောတူကြ သည်။ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းနေသည်။ အမှိုက်ကစ ပြသာဒ်မီးလောင်မည့် အနောက်ပိုင်း ကိစ္စ ရဲရဲတင်းတင်း ဆုံးဖြတ်သည်။ ကြေညာသည်။ ဖိအားပေး သူတို့ကို ဆန့်ကျင်သည်။ လူထုက ထောက်ခံကြသည်။ အသံကျယ်ကျယ် ထောက်ခံသံ တွေကြားရ၍ ကျွန်တော်စိုးရိမ်မိပါ သည်။ သူ့အတွက် စိုးရိမ်ရပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်မီခဲ့သည်။ ကန်တော်မင်ပန်းခြံ တရားပွဲကို အဖေနှင့်ပါသွားဖူး သည်။ လူထုတစ်ခဲနက် ထောက်ခံ ပုံကို ကြုံခဲ့ရ၊ တွေ့ခဲ့ရဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်းကို တစ်ပြည်လုံးက ချစ်ကြသည်ဟု ယုံကြသည်။
သို့သော် မုန်းသောသူ တစ် ယောက်လား ဆယ်ယောက်လား။ တစ်ရာလား၊ နှစ်ရာလားမသိ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ ရေတိမ်နစ် ခဲ့ရသည်။ နိုင်ငံရေး လောကမနာလို စိတ်သည် ကြောက် စရာကောင်းလှ၏။ နိုင်ငံတော်တာဝန် ကျွန်တော် ထမ်းဆောင်စဉ် ကာလက နိုင်ငံခြားမှ လာသောအဖွဲ့ခေါင်းဆောင်က ကျွန်တော့်ကို မေးပြော ပြောသည်။ ”အောင်ဆန်းစုကြည်ကို တစ်ပြည်လုံးက ချစ်နေကြရဲ့သားနဲ့ မင်းတို့အစိုးရက ဘာကြောင့် လွတ်လွတ်လပ်လပ် သွားလာခွင့် မပေးတာလဲ”ဟု မေးပါသည်။ ကျွန်တော်က ရိုးရိုးပဲ ဖြေခဲ့ပါ သည်။ ”ဒေါ်အောင်ဆန်းစုကြည်ကို လူတွေချစ်တာ မှန်တယ်။ ရာခိုင် နှုန်းပြည့် မဟုတ်ဘူးလို့ ထင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို တစ်ပြည်လုံး လူတိုင်း လူတိုင်းက ချစ်ကြတယ် လို့ တို့ယုံခဲ့တယ်။ မချစ်တဲ့လူ တစ်ယောက် နှစ်ယောက်ကြောင့် ရေတိမ်နစ်ခဲ့ရတယ်၊ ဒေါ်အောင် ဆန်းစုကြည်ကို တစ်ယောက် ယောက်ကလာပြီး ရန်ပြုရင် မင်းတို့ အစိုးရက လာပြီး တာဝန်ယူမှာလား”ဟု ပြောလိုက်မိပါသည်။ ယခု သမ္မတကြီး ဦးသိန်းစိန်ကိုလူထုက ထောက်ခံနေကြသည်။ သိသာထင်ရှားစွာ လှုပ်ရှား လာ သော ပြုပြင်ပြောင်းလဲရေးကို လူထုက သဘောကျသည်။ ဟိုနေရာမှ ထောက်ခံ၊ သည်နေရာမှထောက်ခံ သတင်းစုံ ဖတ်ရသည်။ ချစ်သူရှိလျှင် မုန်းသူရှိ နိုင်သည်။ သည်နေ့ ဖတ်ရသော ပေါ်ပြူ လာနယူးစ်မျက်နှာဖုံးမှာ ကြည်ညို ဖွယ်ရာ သံဃာတော်များ ဓာတ်ပုံ နှင့်သမ္မတကြီးကို ထောက်ခံကြ ပြီဟူသော သတင်းတွေ့ရ ဖတ်ရ ပြန် သည်။ လက်ပွေ့ အရောင်းသမား များ၊ လမ်းထောင့်မှ ဂျာနယ်ဆိုင် များမှာ အရောင်းသွက်နေသည်။ ထို့ကြောင့် ကျွန်တော်မျိုသိပ် မထားနိုင်တော့ပါ။ ရေးလိုက် ပါမိပြီ။ သမ္မတကြီး သတိရှိပါခင်ဗျာ။

မောင်ဆွေသက်

No comments:

Post a Comment