Wednesday 3 October 2012

သိထားဖို့ရန် ဇော (၇) တန်...

သိထားဖို့ရန် ဇော (၇) တန်... ================= ကျွန်ုပ်မြန်မာပြည်တွင်ရှိစဉ်က ပတ်ဝန်းကျင်၌ ညည်းညူနေသူတစ်ချို့ နှင့် ရယ်မောပျော်ရွှင်နေသူတစ်ချို့ကို တွေ့ခဲ့ရပါ၏ ။ ညည်းညူသူတစ်ချို့မှာကား - တတ်စွမ်းသလောက် ဒါနသုသိုလ်၊ သီလကုသိုလ်များကို ပြုလုပ်ပြီး သမ္မာအာဇီဝဖြင့် သက်မွေးဝမ်းကျောင်း ပြုနေကြပါလျှက် မတိုးတက်၊မကြီးပွါးသူများပင်ဖြစ်၍ ရယ်မောပျော်ရွှင် နေကြသူတစ်ချို့မှာကား - ဒါနကုသိုလ်၊သီလကုသိုလ်တွေ နည်းပါး သည့်အပြင် သမ္မာအာဇီဝမကျသော အကုသိုလ်အလုပ်များကိုလုပ်၍ တိုးတက်ကြီးပွါး နေသူများပင်ဖြစ်သည်။ ဤသို့ဆိုလျှင် ကုသိုလ်တရားနှင့်အကုသိုလ်တရားတို့၏အကျိုးပေးမှာ မရှိတော့သယောင်ယောင်ဖြစ်နေ၍ သိထားဖို့ရန်ဇော(၇)တန် အကျိုး ပေးပုံကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။ ဇော ဟူသောဝေါဟာရကို တိုက်ရိုက်ဘာသာပြန်ရသော် (အဟုန်)ဟု အဓိပ္ပါယ်ရပါ၏ ။ တစ်နည်းပြောရလျှင် ကုသိုလ်ကံစေတနာနှင့် အကု သိုလ်ကံစေတနာတို့ကို ထိုက်ထိုက်တန်တန်အကျိုးပေးမည့် အဟုန် ပင်ဖြစ်ပါသည်။ အကြင်သူသည် ကုသိုလ်လုပ်သည်ဖြစ်စေ အကုသိုလ်လုပ်သည်ဖြစ်စေ ဇောစေတနာ(၇)ချက်စော၏ ။ ထိုဇောစေတနာတို့မှာကား... (၁)ပထမဇောစေတနာ (၂)ဒုတိယဇောစေနာ (၃)တတိယဇောစေတနာ (၄)စတုတ္ထဇောစေတနာ (၅)ပဉ္စမဇောစေတနာ (၆)ဆဋ္ဌမဇောစေတနာ (၇)သတ္တမဇောစေတနာ တို့ပင်ဖြစ်သည်။ ပထမဇောစေတနာသည် ယခုမျက်မှောက်ကာလတွင်ချက်ချင်းလက် ငင်းအကျိုးပေးခြင်းပင်ဖြစ်၏ ။ (ဒိဋ္ဌဓမ္မဝေဒနိယကံ)ဟုခေါ်ပါသည်။ ယခုဘ၀၌ပြုလုပ်သော ကုသိုလ်ကောင်းမှုအတွက် ချက်ချင်းလက်ငင်း အကျိုးပေးရန် အင်္ဂါလေးချက်နှင့် ညီညွတ်ရပေမည်။ (၁)အလှူ့ရှင်က မလှူခင်၊လှူဆဲ၊လှူပြီး ကာလာသုံးပါးတွင် စေတနာ သုံးတန်ကောင်းမွန်နေရမည်။ (၂)လှူဖွယ်ဝတ္ထုက တရားသဖြင့်ရှာဖွေထားသော ပစ္စည်းဖြစ်ရမည်။ (၃)အလှူခံပုဂ္ဂိုလ်က ဘုရား၊ပစ္စေကဗုဒ္ဓ၊ရဟန္တာ တစ်ပါးပါးဖြစ်ရမည်။ (၄)ထိုပုဂ္ဂိုလ်များဖြစ်နေပါသော်လည်း သာမန်အချိန်မဟုတ်ဘဲ နိရောဓသမာပတ်ဝင်စားရာက ကြွလာသောအချိန်ဖြစ်ရပေမည်။ အကယ်၍ ကုသိုလ်ကံစေတနာနှင့် အကုသိုလ်ကံစေတနာတို့မှာ ယခုမျက်မှောက်ဘ၀တွင် အကျိုးပေးခွင့်မကြုံပါက (အဟောသိကံ) ပျက်သွားတတ်ပေသည်။တစ်ဖန် သတ္တမဇောက သေပြီးနောက် ဒုတိယဘ၀တွင်လည်း အကျိုးပေးခွင့်မကြုံသေးပါက (အဟောသိကံ) ပျက်သွားနှိုင်သေး၏ ။ သို့သော်လည်း ဒုတိယဇောမှစ၍ဆဋ္ဌမဇောထိ အလယ်ဇောငါးချက်မှာ မူ တတိယဘ၀မှစ၍ နိဗ္ဗာန်မရမချင်း အကျိုးပေးတော့မည်ဖြစ်၏ ။ ထိုကံကို အပရာပရိယဝေဒနိကံဟုခေါ်ပါသည်။ ဤကံကိုကား သာမန်ပုထုဇဉ်ကိုမဆိုထားနှင့် ဘုရား၊ရဟန္တာသော်မှ ရှောင်လွှဲ၍မရနှိုင်ကြောင်းကို ကျေးဇူးရှင်မန်လည်ဆရာတော်ဘုရားကြီး က မာဃဒေ၀လင်္ကာ၌ ယခုလိုရေးသားထားခဲ့၏ ။ ရှင်လူသတ္တ၀ါ ထိုများစွာကား အပရာပရိယ ကံကိစ္စနှင့် ကင်းကြသူဘိ မည်မရှိရှင့် မသိနှိုင်တောင်း ကံဆိုးကောင်းကို ဥက္ခောင်းရွက်လျှက် အချက်သင့်စွာ ခံရရှာ၏ ။ လိုရင်းပြောချင်သည်မှာ - ကုသိုလ်ကောင်းမှုတွေလုပ်နေပါလျှက် မတိုးတက်မကြီးပွါးနှိုင်သေးသော်လည်း စိတ်ဓါတ်မကျဘဲ ဆက်၍သာ ကုသိုလ်တရားကို တိုးသထက်တိုးအောင် လုပ်ကြစေချင်ပါသည်။ အကြောင်းမှာ ထိုကုသိုလ်တရားတို့သည် အချည်းအနှီးမဖြစ်ဘဲ အကျိုးပေးခွင့် ရှိနေသေးသောကြောင်းပင်ဖြစ်၏ ။ နည်းတူ အကုသိုလ်အလုပ်ဖြင့် ကြီးပွါးနေသူတို့မှာလည်း သူတို့၏ အကုသိုလ်ကံ အကျိုးပေးချိန်မရောက်သေးခင်မှာ အကုသိုလ်ကို ပျားရည်သဖွယ် ထင်မှတ်နေတတ်၏ ။ သို့သော်လည်း အပရာပရိယဝေဒနိယကံက မည်သို့မျှရှောင်လွှဲ၍ မရနှိုင်ကြပေ။ သို့ဖြစ်၍ကုသိုလ်ကောင်းမှုကိုသာ ပြုလုပ်ကြရမည်ဖြစ်ကြောင်း ဓမ္မပဒ အဆုံးအမဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါ၏ ။ သဗ္ဗပါပဿ အ ကာရဏံ ကုသလသဥပသမ္ပဒါ သာစိတ္တ ပရိယောဒါပနံ ဧတံ ဗုဒသာသနံ။ (ဓမ္မပဒ) (၁)အတုံ့အလှည့်ကိုဖြစ်စေတတ်သဖြင့် မကောင်းမှုမှန်သမျှ လုံးဝမပြုလုပ်သင့်။ (၂)အတုံ့အလှည့်မှကင်းဝေးစေသဖြင့် ကောင်းမှုကိုကား မနေမနားကြိုးစားသင့်၏ ။ (၃)အမှားအမှန်ကို ထိုးထွင်းသိလာစေရန် မိမိ၏စိတ်ကို အဖြူစင်ဆုံးဖြစ်အောင် ပြုပြင်သင့်၏ ။ ဤသုံးချက်ကား ဗုဒ္ဓ၏အဆုံးအမပင်ဖြစ်ပေသည်။ (ကိုယ်ရော၊စိတ်ပါ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ) စံအောင်မြင့် ခေတ္တ/မလေးရှား ၃.၁၀.၂၀၁၂

No comments:

Post a Comment