Tuesday, 2 October 2012

ဒလ၊ တွံတေး၊ သန်လျင်မြောက်ခြမ်း အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း

လူဦးရေ ခြောက်သန်း နီးပါးခန့် မှီတင်း နေထိုင်လျက် ရှိပြီး ၃၀၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းသော ရန်ကုန်မြို့တော်သည် မကြာမီ အချိန် ကာလအတွင်း စတုရန်းမိုင်ပေါင်း ၁၀၀ ကျော် နေရာ သတ်မှတ်၍ ထပ်မံ တိုးချဲ့သွားရန် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၉ ရက်နေ့က တရားဝင် ထုတ်ဖော် ပြောဆို လိုက်သည်။ ရန်ကုန်မြို့လယ်နှင့် အနီးဆုံး နေရာ တွင် တည်ရှိနေသည့် နေရာသုံးခုကို JICA နှင့် ပူးပေါင်း ရေးဆွဲ နေသော မြို့တော် စည်ပင်က ရန်ကုန်၏ အနာဂတ် မြို့တော် စီမံကိန်း တည်နေရာ အတွက် အဆိုပြု လိုက်ပြီး တိုးချဲ့ တည်ဆောက်ရန် အတွက် ထိုနေရာများကို လျာထား သတ်မှတ် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေယာ စီမံခန့်ခွဲမှု ဌာန လက်ထောက် ဌာနမှူး ဒေါ်နီလာဝင်း ကနေ ပြည်တော်တွင် စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပ ပြုလုပ်သည့် အမျိုးသား အဆင့် မြေယာ အသုံးချမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာ သုံးခုတွင် ပြီးခဲ့သည့် လပိုင်းက မြို့တော် စည်ပင် ဝန်ထမ်းများ မြေကွက်များ အလုအယက် ဝယ်ယူသည် ဟု သတင်းထွက် နေသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း တစ်ဝိုက်ရှိ ခန့်မှန်း ဧရိယာ ၂၆ စတုရန်း မိုင်ကျော်၊ သန်လျင်မြို့ မြောက်ဘက်ခြမ်း ခရမ်းမြို့နယ် အစပ်မှ အစိတ်အပိုင်း ခန့်မှန်း ဧရိယာ စတုရန်း မိုင် ၅၀ ကျော်နှင့် ဒလမြို့တောင်ဘက် ခြမ်းမှ တွံတေး နယ်စပ်အထိ ၃၇ စတု ရန်းမိုင်ကျော် တို့သည်လည်း အဆိုပြုထား ရာတွင် ပါဝင်လျက် ရှိသည်။ ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးကမူ “အဲဒီ နေရာတွေမှာ စီး ပွားရေး လုပ်ငန်းရှင် အတော်များများ ဝယ်ထားပြီး ကြပြီ” ဟု ဆိုသည်။ သို့သော် ယင်းနေရာ သုံးခု အနက် မည်သည့် နေရာသည် မည်သည့် ကာလ တွင် ရန်ကုန်မြို့၏ အနာဂတ်မြို့တော် စီမံကိန်း အဖြစ် စတင် တိုးချဲ့မည်ကိုမသိ ရှိ ရသေးသော်လည်း ကော့မှူး ကွမ်းခြံ ကုန်း တစ်ဝိုက်ကိုပါ စတုရန်း မိုင်ပေါင်း ၂၉၀ ကို နောက်တစ်ဆင့် အဖြစ် တိုးမြှင့် ရန် ရန်ကုန်မြို့တော် စည်ပင်က လျာထား သတ်မှတ် လိုက်ခြင်းကြောင့် ရန်ကုန်မြို့ ၏ တောင်ဘက်ရှိ ဒလမြို့နယ် တစ်ဝိုက် သည် အနာဂတ် ရန်ကုန်မြို့တော် ဖြစ်ရန် အတွက် ပါးစပ်ပြော၊ အရပ်ပြော အဆင့် မှ တိုးကာ ရေရေရာရာ အဆင့်တစ်ခုသို့ နီးကပ်လာပြီဟု ဆိုရမည် ဖြစ်သည်။ အနာဂတ် ရန်ကုန်မြို့တော်သည် နောင်နှစ် ၅၀အတွင်း စတုရန်း မိုင်ပေါင်း ၇၀၀ ကျော် အထိ တိုးချဲ့ရန် ရှိလာနိုင်ရာ ရန်ကုန်၏ မြေဧရိယာ အကျယ်သည် ယခု မြို့၏ နှစ်ဆအထိ ဖြစ်လာရန် ရှိနေသည်။ နောင်တွင် စီမံကိန်းအရ အနာဂတ်မြို့ တော်သစ် ဖြစ်လာမည့် ဒလဘက်တွင် လေယာဉ်ကွင်း တည်ဆောက် နိုင်ပါက အလွန် အချက်အချာ ကျပြီး စီးပွားရေး လည်ပတ်မှုကို အကောင်းဆုံး ပံ့ပိုးမှု ရရှိ စေနိုင် ပါသည်။ သို့သော် လေယာဉ်ကွင်း တည်ဆောက်ရန် ကိုမူ မြေပျော့၍ အခွင့် အလမ်း နည်းသည်ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ နွေတွင် ပုံမှန် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လေ့ ရှိသော ဒလဘက် ခြမ်းသည် ရေချိုလှောင်ကန်များ (ဖျာပုံ၊ ကျိုက်လတ်တွင် တူးထားသော ရေလှောင် ကန်ကြီးများ ကဲ့သို့ တူး၍ မိုးရေ စုဆောင်း ၍ သော်လည်းကောင်း၊ ရန်ကုန်မှ ရေပေး ဝေရေး စီမံကိန်းနှင့် ချိတ်ဆက်၍လည်း ကောင်း ဖြေရှင်း နိုင်ပါသည်။ ဒလဘက် ရန်ကုန်ကို တိုးချဲ့ဆောက် လိုက်သည်နှင့် ရန်ကုန်နှင့် နယ်ဒေသများ ဆက်သွယ်ရေး လမ်းကြောင်းများ လုံးဝ ကွဲလွဲသွားရန် ရှိသည်။ ဥပမာ ပေးရ လျှင် ယခုဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ သို့ သွားနေသော ရေလမ်းကြောင်းသည် ယခုလက်ရှိ ရန်ကုန်ကို လာရသကဲ့သို့ တွံတေး တူးမြောင်းကို အထက်ပြန်ဆန် ပြီး ဖြတ်နေရခြင်း မရှိတော့ဘဲ ကျိုက်ထော် သို့မဟုတ် ကွမ်းခြံကုန်း တို့သည် ပြည်တွင်း သင်္ဘော ဆိပ်ကမ်းများ ဖြစ်လာနိုင်ပါ သည်ဟု မြို့ပြပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာလှိုင်မြင့်က အွန်လိုင်း ဘလော့ဂ် တစ်ခုတွင် ရေးသား ထားသည်။ တွံတေး တူးမြောင်း ရေဆန်ကို စက်ကုန်ဖွင့် မောင်းနေရသော ရေ ကြောင်း ခရီးသွားရချိန် ကျုံ့သွားနိုင်ပြီး သင်္ဘောဆိပ်များသည် ယခုရန်ကုန်မှာ ကဲ့သို့ သင်္ဘောတစ်စင်းနှင့် တစ်စင်းထပ် ကပ် ရပ်နေစရာ မလိုအောင် သင်္ဘောဆိပ် များစွာ ထားလာနိုင်သည်ဟု ဒေါက်တာ လှိုင်မြင့်က ရေးသားသည်။ ယင်းကဲ့သို့ ထားနိုင်ပြီ ဆိုသည်နှင့် ကွမ်ဘေယာများ (Conveyors) ကုန် အတင်အချ ကရိန်းများဖြင့် ကုန်အတင် အချ သင်္ဘော အမျိုးအစားများပါ လုပ် ထားပါက ကုန်ကျစရိတ် သက်သာမြန် ဆန် လာနိုင်ပြီး လုပ်အား သက်သာသည့် နည်းစနစ်များနှင့် ကမ္ဘာကို ရင်ပေါင်တန်း လာနိုင်ကြောင်း ၎င်းက အကြံပေးထား သည်။ ဆိပ်ကမ်း ရှားပါး၍ ယခုရန်ကုန် တွင် ဆိပ်ကမ်း ဆိုလျှင် အင်အားကြီးသူ တို့သာ ရနိုင်သော အရာ ဖြစ်နေမှုသည် ပျောက်သွားပါက ဝန်ဆောင်မှု သက်သက် သာသာ ဖြစ်လာနိုင်ပြီး ဝန်ဆောင်မှု လျှော့ချ နိုင်လျှင် ကုန်ဈေးနှုန်း ကျလာ နိုင်ကြောင်း ၎င်းက ထောက်ပြသည်။ ရန်ကုန်တွင် ဆိပ်ကမ်းများ ပုဂ္ဂလိက လုပ်နိုင်မှုသည် ကြည့်မြင်တိုင် တစ်ဖက် ကမ်းတွင် နေရာ ကွက်ကွက်သာ ရှိပြီး ဒလဘက်တွင်မူ ထိုနေရာများထက် အဆ ပေါင်း ၅၀ ခန့်ကို ဆိပ်ကမ်းတွေ ပေါ်ထွက် လာနိုင် ပါသည်။ ရန်ကုန်တွင် ပင်လယ်ကူး သင်္ဘောက ဆိပ်ကမ်း တိုးချဲ့ဖို့ စိတ်ကူး ပါကလည်း ရန်ကုန်တွင် ၁၂ စီးခန့်သာ ကပ်နိုင်သည့် ဆိပ်ကမ်း ဆောက်နိုင်ပြီး ဒလဘက်တွင် အစင်း ၅၀၊ အစင်း ၁၀၀ ဆိုက်ကပ် နိုင်သည့် အတွက် သင်္ဘောဆိပ် နေရာ အတွက်မူ ရန်ကုန်သည် ဒလကို ယှဉ်ဖို့ ဆိုသည်မှာ စိတ်တောင် မကူးနှင့် ဟု ပြောနိုင်သည် အထိ ကွာခြားလျက် ရှိသည်။ သင်္ဘောဆိပ်တွင် မယှဉ်နိုင် ရုံမက ခရီးအချိန် ကျုံ့သွားခြင်းလည်း များစွာ ကွာခြား သွားနိုင်ပါသည်။ ဒလဘက် တွင် စီးပွားရေး ဧရိယာများ တိုးလာပါက စီးပွားရေး အကျိုးသက်ရောက်မှု များ ပိုမို ကောင်းမွန် လာသည်ကို တွေ့ကြရနိုင် သည်။ ဥပမာ- ကဏန်း အရှင်များ တင် ပို့မှုတွင် ပိုမိုမြန်ဆန် လာနိုင်သကဲ့သို့ ကဏန်းမွေးကန်များ သည် မြို့တော်နှင့် လေယာဉ်ကွင်း လက်တစ်ကမ်းတွင် ရှိနေ ပါသည်။ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံ မြို့မှ ငါးများသည် နေ့တစ်ဝက် ဆိုလျှင် ရန်ကုန်သို့ သင်္ဘောဖြင့် ရောက်နိုင်ပြီး တစ်နည်းအားဖြင့် တွံတေးသို့ လှိုင် သာယာမှ ဖောက်ထားသည့် လမ်းသည် ပို၍ အရေး ပါလာနိုင်သည်။ ယခုအခါ ဘိုကလေးမှ နံနက် ၁၁ နာရီ ထွက်သော ဧရာဝတီ သင်္ဘောသည် နောက်တစ်ရက် နံနက်မှသာ ရန်ကုန်သို့ ရောက်ရှိနိုင်ပြီး သင်္ဘောမောင်းချိန် ၁၅ နာရီခန့် ကြာမြင့် နေမှုမှသည် ဒလဘက်တွင် မြို့တော် သစ် တိုးချဲ့လာပါက ဘိုကလေး-ရန်ကုန် သို့ ရေလမ်းမှပင် ည ၇ နာရီလောက် ထွက်ပါက မနက်မလင်းခင်မြို့တော်ကို ရောက်ရှိ နိုင်သည်။ တွံတေးတောကြီးတန်း နားမှ ကျိုက် ထော်ရွာကြီးသည် မြစ်ပြင်ကျယ်၍ အနာဂတ် ရန်ကုန်မြို့တော်၏ ဆိပ်ကမ်း များဖြစ်လာနိုင်ရာ ရှိသည်။ နိုင်ငံ၏ အခြေခံ စားသောက်ကုန်များ အဓိက ထွက်ရှိရာ ဒေသနှင့် ဆက်သွယ်မှု လွယ် ကူလာ၍ အပိုဆောင်း ကုန်ကျ စရိတ်များ အထူး သက်သာ လာနိုင်ပါသည်။ ဒလမြို့တစ်ဝိုက် မြေဝယ်ထားသူ များ၏ မြို့သစ် စီမံကိန်း ခန့်မှန်းချက်သည် စီမံကိန်း ဧရိယာတွင်း ဝင်၍ ကံစမ်းမဲ ပေါက် သွားသည်ဟု ဆိုနိုင်သော်လည်း ဒဂုံမြို့သစ်၊ ထန်းတပင်၊ သီလဝါ တို့တွင် ပြီးခဲ့သည့်နှစ်က အလုအယက် ဒိုင်ဗင် ထိုး၍ ဝယ်ယူ ခဲ့ကြသူများ မှန်းချက်နှင့် လွဲသွားကြသည်။ အိမ်၊ ခြံ၊ မြေ ဗရုတ် ဗရက်တွင် တိုက်ဆောက် ကားစီး ရွှေတွဲလွဲ ငွေတွဲလွဲ အိမ်၊ ခြံ၊ မြေပွဲစားများ ကမူ ကွယ်ရာတွင် ကျိတ်ပြုံးကောင်း ပြုံးနေ ကြလိမ့်မည်။ သို့သော် ခန့်မှန်း ရသည်မှာ ယင်း အနာဂတ် မြို့တော်အတွက် စီမံကိန်း အဆင့်များသည် အနည်းဆုံး နှစ်ပေါင်း ၃၀ ခန့် အထိ အချိန်ယူ၍ အကောင် အထည် ဖော်ရဖွယ် ရှိနေပြီး အသေးစိတ် စီမံ အကောင်အထည် ဖော်ရန် အတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားနေ သည့် မြေယာ သိမ်းမှု များကလည်း အဆင့် တစ်ဆင့် အနေဖြင့် သတိကြီးစွာ ကိုင် တွယ်ရမည့် အခြေအနေများ ရှိနေသည်။ ရန်ကုန်မြို့တော်သည် ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ် အပြီး တွင် ယာယီမြို့တော် တည်ခဲ့ပြီးနောက် မကြာမီ မြို့စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ စတင် တည်ဆောက် ခဲ့သည့် အချိန်က ကားများ မပေါ်သေး သည့်အတွက် မြင်း၊ ရထားများဖြင့် သွား ရန် အတွက်သာ စီမံကိန်းချ ဆောက်ခဲ့ ခြင်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်က ရန်ကုန် မြို့ ဧရိယာသည် ၃၃ စတုရန်းမိုင် သာ ရှိပြီး နှစ်ပေါင်း ၆၀ ကျော် အကြာတွင် ၁၀ ဆနီးပါး ကျယ်ပြန့် လာခဲ့သည်။ သိမ်ဖြူလမ်း အနောက်ဘက်ခြမ်း မြို့တွင်းပိုင်း လမ်းများသည် (ရန်ကုန်မြို့ ၁ လမ်းမှ လမ်း ၄၀ အထိ) လမ်းမကြီး များမပါ ၎င်းတို့ အကျယ်သည် ပေ ၃၀ မှ ပေ ၅၀ ခန့်သာ ရှိကြသည်။ ယနေ့ အရှေ့တောင် အာရှမြို့တော်များနှင့် ယှဉ် ပါက ရန်ကုန်မြို့တော်သည် နှစ်ပေါင်း များစွာ နောက်ကျ ကျန်နေပြီ ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် ကောက်ယူခဲ့ သော စာရင်းအရ ရန်ကုန် တစ်မြို့လုံး တွင် လမ်းမိုင် အရှည် စုစုပေါင်း ၂၇၆၉ မိုင်ရှိကြောင်း၊ ယင်းလမ်းများကို အမျိုး အစားများ ခွဲခြားထားပြီး ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေသားလမ်းတို့ဖြစ် ကြောင်း သိရှိ ရသည်။ ရန်ကုန်မြို့တွင်း ဆက်သွယ်သွား လာရေးတွင် အဓိက သွားလာ နေသည် မှာ ကားလမ်းဖြစ်ပြီး ရန်ကုန်မြို့ရှိ နေရာ အများစုတွင် လမ်းပျက်စီးမှု များပြား နေခြင်းကြောင့် ခရီးလမ်း တစ်ခုကို အချိန် တိုအတွင်း သွားလာ၍ မရနိုင်ခြင်း၊ အချို့နေရာ များတွင် လမ်းကျဉ်းမြောင်း ခြင်း တို့ကြောင့် ကားပိတ်ဆို့မှုများ တစ် နေ့ တခြား တိုးတက် ဖြစ်ပေါ်လျက် ရှိသည်။ မြို့ပတ် ရထားမှာ လူဦးရေ သိန်းဂဏန်း သာ အသုံးပြု နေကြသေးသည်။ လက်ရှိ ရန်ကုန်မြို့တော်တွင် အစီအစဉ် ကျနမှု မရှိသည့် မြေအသုံးချမှု များ၊ အစိုးရ ပိုင်မြေနှင့် စည်ပင် ပိုင်မြေ များကို ကျူးကျော် နေထိုင်မှုများ၊ အများ ပြည်သူနှင့် သက်ဆိုင်သည့် နေရာများ တွင် ကျူးကျော် နေထိုင်ခြင်း၊ ဖွံ့ဖြိုးမှု ဆောင်ရွက်နိုင်ရန် အချိန်ကိုက် စီမံကိန်း များ ရေးဆွဲနိုင်မှု မရှိခြင်း၊ စက်မှုလက်မှု လုပ်ငန်းများ၊ လူနေရပ်ကွက်များ၊ စီးပွား ရေး ဧရိယာများ အတွင်း ကျယ်ပြန့်စွာ တည်ရှိနေခြင်းတို့ ဖြစ်ပေါ်လျက် ရှိခြင်း တို့ကြောင့် မြို့ပြ အုပ်ချုပ်ရေးနှင့် စီမံ ခန့်ခွဲမှု အပိုင်းကို နည်းလမ်းများဖြင့် ဖြေရှင်းသွားရန် လိုအပ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရန်ကုန်တွင် ကျင်းပသည့် Structure Plan စာတမ်း ရှင် တစ်ဦးက ဆွေးနွေး တင်ပြခဲ့သည်။ ယနေ့ ရန်ကုန်မြို့၏ လမ်းများ အနေ အထားနှင့် ယာဉ်စီးရေ အရေအတွက် သည် ယခုအတိုင်း ဆက်ထား ပါက မကြာမီ ဘန်ကောက်ထက် ဆိုးဝါးသည့် လမ်းပိတ် ဆို့မှုကြီးများ ပေါ်လာပြီး လူ့စွမ်းအား လုပ်အား ဆုံးရှုံးမှုကြီး များစွာ ကြုံရပါလိမ့် မယ်။ မြို့လယ် စီးပွားရေးဇုန်သို့ ဦးတည် ၍ စီးလာနေသော ဘတ်စ်ကားများ ပေါ် တွင် ငါးပိသိပ်၊ ငါးချဉ်သိပ် မွန်းကျပ်မှု၊ စိတ်ဖိစီးမှုများ၊ အချိန် ဆုံးရှုံးရမှုများကို တွက်ဆတတ်သူများ (ပညာရှင်များ) သိကြ ပါလိမ့်မည်။ ရန်ကုန်၏ အခြေအနေ သည် အလွန်ပူပင်ဖွယ် ကောင်းသည့် အနုတ်လက္ခဏာကြီး ဖြစ်လာပါက နောင် တွင် တိုင်းပြည်စီးပွားရေး နှောင့်နှေးပြီး ပျက်သွားသည် အထိ တာစူသွားနိုင် စရာ ရှိပါသည်။ ရန်ကုန်မြို့တော် စည်ပင်၏ အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း အဆိုပြုလွှာ တစ်ရပ် တွင် ပါရှိသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း တစ်ဝိုက် ခန့်မှန်း ဧရိယာ ၂၆ စတုရန်းမိုင် ကျော်တွင် စီးပွားရေး ဇုန် ၁၀ ရာခိုင်နှုန်း၊ စက်မှုဇုန် ၄၀ ရာခိုင်နှုန်း အထိ မြေဧရိယာ ခွဲဝေ အသုံးပြုရန် ရှိသည့် အတွက် ၁၀ စတုရန်းမိုင် ကျော်သည့် စက်မှုဇုန်နှင့် စီးပွားရေး ဇုန်များ အတွက် ဖြစ်လာရန် ရှိပါသည်။ အထူးသဖြင့် ဒလမြို့တောင်ဘက် ခြမ်း စီမံကိန်းသည် စီးပွား ဧရိယာများကို ၂၀ ရာခိုင်နှုန်း အထိ အထူး အသားပေး ထားပြီး မြေဧရိယာ၏ ၈၀ ရာခိုင်နှုန်း အထိ လူနေထိုင်ရန် အတွက် ထည့်သွင်း အဆိုပြု ထားရာ အနာဂတ် ရန်ကုန်မြို့ပြ စီမံကိန်းကြီးသည် ဒလ တစ်ဖက်ကမ်း တွင် တွက်ဆ နိုင်စရာ ဖြစ်သည်။ JICA ၏လေ့လာချက်များအရ ရန်ကုန် တစ်ဖက်ကမ်း ဒလနှင့် ရန်ကုန် သည် လေးလမ်းသွား တံတား တစ်စင်း တည်ဆောက်ရန် ရှိပြီး ကျပ်ငွေ ဘီလီယံ ၂၀ ကျော်နှင့် ဒေါ်လာသန်း ၅၀ ကျော် ကုန်ကျမည်ဟု မြန်မာ-ဂျပန် နှစ်နိုင်ငံက ပူးပေါင်း လေ့လာ ထားကြသည်။ အလားတူ လှိုင်မြစ်ဖြတ်ကျော် ကြည့်မြင်တိုင် တစ် ဖက်ကမ်း အေးရွာနှင့် ဆက်သွယ်မည့် တံတား စီမံကိန်းသည် ကျပ် ၃၆ ဘီလီယံ နှင့် အမေရိကန် ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မကြာမီ ရန်ကုန်တွင် တည်ဆောက်ရန် ရှိသည့် လျာထားစာရင်းတွင် ပါဝင်နေရာ အနာဂတ် ရန်ကုန်မြို့တော်သည် ဒလနှင့် တွံတေး၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတို့တွင် ပိုမို အလေးသာလျက် ရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီက ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေတ် လက်ကျန် အဆောက်အအုံ များအနီးတွင် မြင်ကွင်းကို ကွယ်ပျောက် စေမည့် အဆောက်အအုံသစ်များ တည် ဆောက်ခွင့်ကို ခွင့်ပြုတော့မည် မဟုတ် ကြောင်း စက်တင်ဘာလ အတွင်းက ပြောကြားခဲ့ရာ ယနေ့ ရန်ကုန်သည် ယခင် အဆောက်အအုံများကို သမိုင်းအမွေ အနှစ်အဖြစ် ထိန်းသိမ်းထားရင်း အင်ဒို နီးရှား နိုင်ငံရှိ ဂျာကာတာမြို့တော်ဟောင်း ကဲ့သို့လည်းကောင်း၊ အိန္ဒိယနိုင်ငံရှိ နယူး ဒေလီမြို့တော်ဟောင်း ကဲ့သို့လည်းကောင်း မဝေးတော့သည့် အနာဂတ်တွင် မြို့တော် ဟောင်း အဖြစ်သာ ကျန်ရစ်တော့မည် ဖြစ်သည်။ ရန်ကုန်မြို့ တောင်ဘက် ဒလ- တွံတေး ဘက်သို့ အနာဂတ် မြို့တော် တိုးချဲ့ ပါက ဒလဘက်ခြမ်းရှိ မြို့နယ်အားလုံး (ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ တွံတေး ရှိသမျှ အားလုံး အထိ)ကို တိုးချဲ့၍ ရနိုင်ပြီး တွံတေးတော ကြီးတန်း အထိပါ တိုးချဲ့၍ ရနိုင်ပါသည်။ သို့သော် ပြီးခဲ့သည့် ကားကိစ္စတွင် ငွေရှင်တို့က လေးဘီးယာဉ်များကို ကြို သတင်းရ၍ ဝယ်သိမ်းပြီး အညွန့်ခူးချိန် တွင် ပြည်သူ အများစုက သိမ်းထားသော လေးဘီးယာဉ် အစုတ်မှ ရွှေဖြစ်သည်ကို မသိကြခြင်းကြောင့် လူညွန့်ခူး ခံလိုက်ရ သည်ကို သင်ခန်းစာယူ၍ အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်းများကို ပွင့်လင်း ထင်သာမှု ရှိရန်မှာ အထူး အရေးကြီးပြီး သတင်းကို ဝှက်၍ လက်ဝါးကြီးအုပ် အမြတ် ထုတ်မှုများကို ယခု တစ်ကြိမ်တွင် ဂရုပြု သင့် ပါသည်။ ယင်းဒေသတွင် နံငယ် ပုဆိုးပိုင်း ဝတ်၍ တစ်နေကုန် လယ်ထွန် စားသောက် နေရသော ဓားမဦးချ နေထိုင်သူများကို ကတုံးပေါ် ထိပ်ကွက်ကာ လယ်ယာမြေ ဧကပေါင်း များစွာကို နည်းမျိုးစုံဖြင့် သတင်းကြိုတင် ရယူကာ လက်ဝါးကြီး အုပ် ဝယ်ယူသူများ၊ လူပေါ် လူညွန့်ခူးသူ များ၊ လူပါးလူနပ်များကို မည်သို့ကိုင် တွယ် ရမည်ကို အစိုးရက မူတစ်ခုထည့် သွင်း လုပ်ကိုင် ပေးနိုင်မှသာ မြန်မာ အစိုးရ သည် သိသာသော ပြောင်းလဲမှုများကို ပြည်သူ့ထံ ဆောင်ကြဉ်း လာနိုင်သူ၊ ကောင်းမွန်သော အစိုးရ မှန်ကန်မှုနှင့် အုပ်ချုပ်သူ အဖြစ် အောက်ခြေလူထုက တစ်ဆင့်တိုး၍ အသိအမှတ် ပြုကြပါလိမ့် မည်။ Written by တင်အောင်ကျော်

No comments:

Post a Comment